လေပြင်းတိုက်ခြင်းနှင့် အတူ

Words
169
Reading
1 min
Listen
Play
3h

ညက လေပြင်းများတိုက်သည်။ လေတိုက်သည်မှာ
အတော်ကို ပြင်း၍ အိမ်သားများက ကြောက်စရာ
ကောင်းသည်ဟု ပြောသည်။ လေတိုက်၍
ကျွန်တော်တို့အိမ်ကလေးမှာ သိမ့်ကနဲ့ ညိမ့်ကနဲ့
ဖြစ်နေမလား မသိနိုင်ပေ။ ကျွန်တော်က အခြားမှာ
သွားအိပ်သည်။ လေက တိုက်တာ ရိုးရိုးမတိုက်ပေ
အသံပေးမြည်းကာ တိုက်သည်။ ပြင်ပမှာရှိသော
သစ်ပင်များ ပြိုလဲကျလေသလားဟု အောင်းမေ့
ရသည်။ လေပြင်းတိုက်ချိန်မှာ ကျွန်တော်က
ခြင်ထောင်ထဲမှ မထွက်ပေ။

မိုးလေး ခဏငြိမ်းမှ ပြတင်းပေါက်မှ အပြင်သို့
လှမ်းကြည့်သည်။ ဘေးအိမ်မှလည်း ထွက်ကြည့်ကြသည်။ လေတိုက်၍ သစ်ပင်များမလဲသော်လည်း
သစ်ကိုင်းများနှင့် သစ်ကိုင်းခြောက်များက
လမ်းမထက် ပြန့်ကျဲနေပေသည်။ ကျူးကျော်အိမ်
ကလေးများ မည်သို့ရှိပေမည်မသိပေ။ အခိုင်အမာ
ဆောက်ထားသော အိမ်များပင် သိမ့်ကနဲ့ ညိမ့်ကနဲ့
ဖြစ်ရသည်။

မနက်မိုးလင်း၍ စက်ဘီးစီးကာ အိမ်ပြန်ရာ လမ်း
တလျှောက်မှာ သစ်ပင်များမှ သစ်ကိုင်းခြောက်များက
လမ်းမပေါ်ကျဲပြန့်နေသည်။ သစ်ကိုင်းအကြီး
အသေးများကို ကွေ့ရှောင်၍ မောင်းလာခဲ့သည်။
လမ်းဘေး မုန့်ပြားသလက်ဆိုင်၏ တဲကလေး
တိုင်တခုကျိုး၍ ပြိုကျနေသည်။ ကျူးတဲများက
အမိုးလန်သူရှိသလို ဘာမှမဖြစ်သည့်တဲများလည်း
ရှိသည်။ လေကွယ်သော ကျူးတဲများက မြေပြင်နဲ့
ဝပ်ဝပ်ဆောက်ထားသဖြင့် အနည်းငယ်သာ ပျက်စီးသည်။

အိမ်ပြန်ရောက်သောအခါ အိမ်ရှေ့တွင် သရက်ကိုင်း
ကျိုးအချို့နဲ့ တမာကိုင်းအကျိုးများကို တွေ့ရသည်။
သပြေဘူတအပင်က တနေ့ကမှ ကိုင်းဖျားများကို
ဝါးလုံးချိတ်ဖြင့် ဆွဲချိုးထားသဖြင့် ဘာမှမဖြစ်ပေ။
နိုမို့ဆိုပါမူ လေအနည်းငယ်ကြမ်းသည်နှင့်
သပြေဘူတ အပင်မှ အကိုင်းများ တဖြောင်းဖြောင်း၊
တကျွတ်ကျွတ်နဲ့ အမြဲကျိုးကျနေကြဖြစ်ပေသည်။
ယခုတော့ သပြေဘူတက ‌အကိုင်းများ အောက်သို့
တွဲကျနေသည်မှ လွဲ၍ ဘာမျှမဖြစ်ပေ။

အဲ ဖြစ်နေသည်က ဆီးဖြူသီးပင်ဖြစ်သည်။
မြိုပြင်မှာ ရှိသော မိတ်ဆွေအိမ်၏ အခြေအနေကို
‌ဖုန်းဖြင့် မေးနေရင်း ကိုယ့်အိမ်မှ ဆီးဖြူသီးပင်ထံ
မျက်စိရောက်သွားသည်။ အပင်က မြောက်ဖက်သို့
ယိုင် နေသည်ကို မြင်မိမှ ငါတို့အိမ်က ဆီးဖြူသီး
ပင်တော့ ယိုင်သွားတယ်ဟု ပြောရသည်။
အမ ကလည်း သူလည်းသတိမထားမိဟုပြောသည်။
ဘေးအိမ်မှ အုန်းပင်မှ အုန်းသီးနှစ်လုံးပြုတ်ကျ
သည်ကို ကောက်ယူနေ၍ ကိုယ့်အိမ်ကအပင်
ဘာဖြစ်မှန်းတောင်မသိဟု ပြောသည်။

ညက လေမိုးကြောင့် ဆီးဖြူသီးပင် ယိုင်သွားသည်။
ထိုလေမိုး ကျေးဇူးကြောင့်ပင် အုန်းသီးခွဲစားရသည်။
အုန်းသီးစိတ်များကို ထန်းလျက်ဖြင့် ကိုက်ကာ
စားရသည်မှာ ကောင်းလေးစွ။ ညကျမှ ချောင်းဆိုး
ပါမူ မပြောတတ်တော့ပေ။ ယခုတော့ အုန်းသီးစိတ်က
ချိုဆိမ့်ဆိမ့် ထန်းလျက်က ချိုချိုဖြင့် လျှာအရသာ
ခံ နေပေသည်။

htwegyi@htwegyi
September 24, 2026

လေပြင်းတိုက်ခြင်းနှင့် အတူ | Ecency