ကျွန်တော်နှင့် ခရုများ

Words
140
Reading
1 min
Listen
Play
3M

ယနေ့ တနေကုန် မိုးအုံ့သည်။ မိုးရွာလိုက်
နေပူလိုက်ဖြင့် ရာသီဥတုက မှိုင်မှိုင်မှုန်ဝေ ဆိုသလိုပါလေ။
မိုးခဏရွာပြီး နေက ခဏပူသည်။ မိုးနဲ့ နေပူ
သူတပြန် ကိုယ်တပြန် ပြိုင်နေသလို။ မိုးက အနိုင်ယူ
တာ များပေသည်။ မိုးရွာတော့ ခြံအပြင်၊ ခြံအတွင်းရှိ
အပင်များကို ရေမလောင်းရပေ။ မိုးရွာသဖြင့် မြေကြီးက
အစိုဓာတ်လေရသည်။ မြေကြီးအစိုဓာတ်ရတော့
ခရုတို့က ပျော်လေသည်။

အဆိုပါခရုတို့က ပျိုးပင်ပေါက်များအတွက်
အင်မတန် ဒုက္ခပေကြသည်။ ကျောက်ဖရုံပင်ပေါက်လေးများကို
ခရုများကစားကြသည်။ အနည်ငယ်
ကြီးထွားလာသော ကျောက်ဖရုံပင်ပေါက်များကို
တော့ ကြက်သားအမိက ဆိတ်ပေါက်ကာ စားကြ
သည်။ ထိုကြောင့် ယခုနှစ် ကျောက်ဖရုံသီး မစားရ
တော့ပေ။ ခရုများက ညအချိန်မှာ ပိုမိုထွက်ကြသည်။
နေ့ခင်းပိုင်းမှာ ပုန်းခိုနေတတ်သည်။

ခရုများကို အမှိုက်ကောက်ညှပ်ဖြင့် ကောက်ပြီး
ကြွတ်ကြွတ်အိတ်မှာထည့်၍ ပစ်သော်လည်း
မိုးကျလာပါလျှင် ဒင်းတို့က ဘယ်က ပေါ်လာသည်
မသိပေ။ တခါက သစ်ပုံများကြားက သစ်သားပြား
ကြီးတခုကို ထုတ်ယူသည့်အခါမှာ ခရုပေါက်များနှင့်
ခရုဥမြောက်များစွာကို တွေ့ရသည်။ ဒီတော့
ခရုများ၏ မျိုးပွားနှုန်းက အတော်ကြောက်စရာ
ကောင်းလှပေသည်။ သူတို့ သွားလာလှုပ်ရှားသည်က
နှေးကွေးသည်ဟု ထင်ရပေသိ ကိုယ်သတိမထားလိုက်
သည့်အချိန်မှာ တနေရာကို ရောက်ရှိနေသည်။

ခရုများ၏ မိတ်လိုက်မှုမှာလည်း ကြာမြင့်ပေသည်။
ခရုနှစ်ကောင် ပူးနေသည်ကို သတိထားမိသည့်
အချိန်က လေးငါးနာရီကျော်ကြာပေသည်။
ဒီတော့ ဒင်းတို့က သွားတာ လာတာ ဘာညာသာရကာ
ကြာပြီး အကောင် ဥ ပေါက်သည်ကလည်း
အ‌တော်များပေသည်။ ခြံအတွင်း ခရုများကို
ကြည့်ရ မြင်ရသည်မှာ အတော်ကို စိတ်အနှောင့်
အယှက်ဖြစ်ရသည်။

ညအခါများမှာ အပေါ့အပါးသွားသည့်အခါ
ခရုများကို အိမ်သာ သွားရာလမ်းတလျှောက်မှာ
ရှောင်ရှားသွားရသည်။ တခါတရံ တက်နင်းမိသည့်အခါ
ဂျလိ ဂျွိ ဆိုသည့်အသံကို ကြားရပါလျှင် ခေါင်းက
ကြိမ်းသွားရမြဲပေ။ ပူသောနွေရာသီမှာ အေးသောနေရာများသို့ပုန်းအောင်းနေကြသည်။ မိုးမှာ မိုးရွာ၍
မြေလွှာ စိုစွတ်အေးမြလာပါလျှင် တရွရွ၊ တဖွားဖွား
ပေါ်လာသော ခရုများနှင့် အတော်ခက်ရပေသည်။

htwegyi@htwegyi
June 18, 2026

ကျွန်တော်နှင့် ခရုများ | Ecency