ပညာရပ်တခုက အမြဲတမ်းလေ့လာနေမှ ပိုမို
တတ်မြောက်သည်။ ယခုတော့ ကျွန်တော်က
လေ့လာခဲ့သော ပညာရပ်ကို အသုံးမပြုပဲ ပစ်ထားသည်၊
ကင်းကွာနေသည်မှာ နှစ်အတော်ကြာပေသည်။
ယခု ထိုပညာရပ်ကို ပြုလုပ်သည့်အခါမှာ မေ့လျော့
နေတော့သည်။ တနေ့က တူမ၏ ယောင်းမလေးများက
တတိယတန်းကလေးများအတွက် လပတ်စားမေးပွဲ
မေးခွန်းထုတ်ကြသည်။
ယခုခေတ်က နည်းပညာတိုးတက်လာတော့
ကလေးများ၏ မေးခွန်းစာရွက်သည်လည်း အဆင့်မြင့်
ပေသည်။ မေးခွန်းထုတ်ဖို့အတွက် ရုပ်ပုံများကို
အင်တာနက်မှာရှာဖွေပြီး ဘေးမှာ လေးကြောင်းမျဉ်း
တိုလေး ဆွဲထားသည်။ ထိုလေးကြောင်းမျဉ်းမှာ
ကလေးက ရုပ်ပုံကို ကြည့်၍ ဘာကောင်ဖြစ်သည်
ညာကောင်ဖြစ်သည် စသဖြင့် စာရေးပေးရမည်။
မေးခွန်းအတွက် ကွန်ပျူတာ ဖြင့် Microsoft Word
ရိုက်ပြီး A4 စာရွက်ဖြင့် ကာလာထုတ်ပေးရမည်။
တိရစ္ဆာန်လေးများ၏ ပုံကို ဂူဂဲလ်မှာရှာဖွေပြီး
ဘေးမှာ လေးကြာင်းမျဉ်းလေးများ ပြုလုပ်သည်အထိ
အဆင်ပြေသည်။ အဲ Word မှာ ဇယားဆွဲရသည်။
ဇယားဆွဲသည်အထိ အဆင်ပြေသေးသည်။
ထိုဇယားကို လေးကြောင်းမျဉ်းပုံစံ ကာလာ
အနီ၊ အပြာရောင်များထည့်သည့်အခါမှာတော့
ပြဿနာရှိလေသည်။
သမီးယောင်းမနှစ်ဦး လေးကြောင်းမျဉ်း နှင့်
ချွေးပြန်ကာ ခေါင်းကုတ်နေကြသည်။ ကျွန်တော့်ကို
အကူအညီတောင်းသည့်အခါမှာ ကျွန်တော်လည်း
မလုပ်တတ်ပါချေ။ သို့နှင့် သူရို့အား အေအိုင်ကို
မေးကြည့်ဟု ပြောမိသည်။ ထိုအခါ သူရို့က
အေးအိုင်ကို မေးကြည့်ပြီးကြောင်း၊ အေအိုင်က
သေချာစွာ ပြန်မပြောကြောင်း ပြောကြသည်။
နောက်ဆုံးမှာတော့ မျဉ်းကြောင်း တကြောင်းချင်း
ဆွဲကာဖြင့် လေးကြောင်းမျဉ်းကာလာ ဇယားကွက်ကို
အောင်မြင်စွာ ဆွဲပြီးသွားပါလေသည်။
အဲ အောင်မြင်သည်က တပိုင်းသာရှိသေးသည်။
ထိုမေးခွန်းပုံစံကို သူရို့၏ ကျောင်းသို့ Viber, telegram
များဖြင့် ထပ်မံပို့ရပေမည်။ သို့မှာသာ
မေးခွန်းကို ကာလာပရင်တာဖြင့် ထုတ်နိုင်မည်။
ဒီတော့ ကွန်ပျူတာမှာ Viber, telegram
ဆော့ဝဲလ်များထည့်ရသည်။ ဒီအခါမှာလည်း
ထိုဆော့ဝဲလ်များကို ဒေါင်းသည့်အခါ ကျွန်တော့်ကို
ကူညီခိုင်းပြန်သည်။ ဒီတခါတော့ အဆင်ပြေသွား
သည်။ ဒါတောင် သူရို့ဖုန်းတလုံးက ကွန်ပျူတာမှ
ပေးပို့သည်ကို လက်ခံမရသဖြင့် အနည်းငယ်
ချွေးပြန်ရသေးသည်။ နောက်မှ နောက်ဖုန်းတလုံးဖြင့်
ထည့်သည့်အခါမှ အဆင်ပြေပေသည်။ နည်းပညာ
ခေတ်ကြီးမှာ နောက်ကောက်ကျပါမူ အဲ့သလို
ချွေးပြန်ရပါကြောင်း လက်တို့ပြီး ပြောရပါသည်။
@htwegyi
July 8, 2026