ကျမရဲ့ ဖြစ်ပုံ ဖြစ်ပုံဆန်းစုံ ပွဲခင်းထဲရောက်မှ
အကြွေးရှင်းနဲ့ ဆုံသလေး ဆိုသလို။ ဒီလိုပါလေ
သီတင်းကျွတ်လပြည့်နေ့မှာ ကျမရဲ့အိမ်မှာ လူဆုံကြမည်ဟု
ဆိုသည်။ အငယ်မရဲ့ သမီးကလည်း သူ့အမေနဲ့
ကျမကို လာကန်မည်ဟုပြောသည်။ ကျမအိမ်မှာ
ယခင်က ကျမနဲ့ ကျမညီမရဲ့သမီးလေးတို့ နေထိုင်သည်။
တနေ့ကမှ ညီမရဲ့သမီး ကျမတူမလေးက အလုပ်
လုပ်ချင်သည်ဟု ပြောပြီး ညအိပ်ညနေ အလုပ်မှာ
အလုပ်သွားလုပ်လေသည်။
ဒီတော့ သုံးဦးရှိသော အိမ်မှာ တယောက်ကထွက်သွား၍
ညီအမနှစ်ယောက်သာ ကျန်သည်။ ညီအမနှစ်ယောက်သာ
ကျန်တော့၍ အိမ်က တိတ်ဆိတ်သွားသည်
မထင်ပါနဲ့ ရပ်ကွက်ထဲက အမေအို အဘွားအိုများနှင့်
ကျမက ဘော်ဒါအဖွဲ့ကျသည်။ ထိုကြောင့် နေ့နေ့ ညည
ထိုအဖွဲ့များဖြင့် အိမ်မှာ စည်ကားနေသည်။ ယခု
သီတင်းကျွတ်လပြည့်မှာ ညအိပ်ညနေအလုပ်သွား
လုပ်သူ တူမလေးက အလုပ်မှခွင့်ရပြီး ကျမတို့
ညီအမကို ကန်တော့ရန်လာသည်။ တူမလေး
အိမ်သို့ လာချိန်မှာ ကျမ၏ အမကြီးကလည်း အိမ်ကို
လာအိပ်မည်ဟု ပြောသည်။
အဲ့မှာ ပြဿနာအနည်းငယ်ရှိပေသည်။ တူမလေးနဲ့
ကျမရဲ့ အမတို့က စကားကြောမတည့်ကြပေ။
သူရို့နှစ်ဦး ဆုံမည်ဆို၍ အမကို လာမည့်ရက်နောက်ဆုတ်
ခိုင်းကြည့်မိသည်။ နိုးပါ သူမှာလည်း
ဒီလို ပိတ်ရက်မှ အိမ်ကထွက်ရသဖြင့် ကျန်ရက်မှာ
မလာနိုင် သီတင်းကျွတ်ပိတ်ရက်သာလာမည်ဟု
ပြောသည်။ ဒီတော့ လာမည့်သူကို မလာနဲ့ဟု
ပြော၍ မကောင်းသဖြင့် လာခဲ့ပါဟုပြောရသည်။
ပြဿနာနောက်မှ ဖြစ်မည်လည်း နောက်မှကြည့်
လုပ်ရတာပေါ့။
လပြည့်နေ့မရောက်မှီကပင် တူမနဲ့ အမက တိုင်ပင်ပြီး
လာကြသလား အောင်းမေ့ရသည် တူတူရောက်ရှိလာကြသည်။
တူမက ကန်တော့ရန်ပစ္စည်းများဖြင့် ကျမတို့ကို
ကန်တော့သည်။ အမကလည်း ကျမတို့အိမ်အတွက်
ဆန်နှင့် စားစရာမုန့်များယူလာခဲ့သည်။ တူးဝရီး
နှစ်ဦး ပြဿာမရှိပေ။ ပြဿနာရှိသည်က ကျမနဲ့
အမတို့ဖြစ်ချေသည်။ အမက သူယူလာသော
ပေါင်မုန့်နှင့် မုန့်ကြွပ်များကို အိမ်နီးချင်း ကျမ၏
ဘော်ဒါများဖြစ်ကြသော အဘွားများကိုကျွေးခိုင်းသည်။
အမ၏ ပေါင်မုန့်ကို အဘွားတို့အားကျွေးသည့်အခါ
ပေါင်မုန့်ချည်း ကျွေးမကောင်း၍ ကျမက လက်ဘက်ရည်
ဒကာခံပြီး ပေါင်မုန့်နှင့် လက်ဘက်ရည် ဒါန
ပြုလိုက်သည်။ နောက်ရက်မှာလည်း အမက
ညည်း မုန့်ကြွပ်တွေ ကျန်သေးတယ်တော့
ညည်းဘော်ဒါတွေ ကျွေးလိုက်အုံးဟုပြောသည်။
အဲ့သမှာ ကျမ နည်းနည်းစိတ်ပေါက်သွားသည်။
သူ့မုန့်ကြွပ်က ကျမရဲ့ လက်ဘက်ရည်ဖိုးရှိမရှိ မသိပေ။
ကျမမှာ လက်ဘက်ရည်ဘိုးကို တစ်ရက်အတွက်သာ
ကျခံနိုင်သည်။ နောက်ရက်အတွက်ပါ အကုန်မခံနိုင်တော့ပေ။
ဒီတော့ အမကို ပြောရသည် မုန့်ကြွပ်က
လက်ဘက်ရည်နဲ့မှ အဆင်ပြေမှာ လက်ဘက်ရည်
ဘိုးပါ တတ်နိုင်ရင်တော့ကောင်းတာပေါ့။ လက်ဘက်ရည်ဘိုး
နှစ်ရက်အတွက်တော့ ကျုပ်တော့ ဒကာမခံနိုင်
တော့ဘူးဟု ပြောလိုက်ရလေတော့သည်။
@htwegyi
October 29, 2026