အခြေအနေတွေက ဆိုးပြီးရင်းဆိုး။ United တို့ ၇ ပွဲ ကစားပြီး ၇ မှတ်နဲ့ ရပ်နေခဲ့တာ ခုဆို ၉ ပွဲ ကစားပြီး ၇ မှတ်နဲ့ ဆက်လက် ရပ်တည်နေတဲ့ အနေအထားသို့ ရောက်လို့လာခဲ့၏။ အဆင့် ၁၇ တန်းဆင်းဇုန် အထက်နားမှာ ကပ်လျက်လေး ရပ်တည်နေ၏။ ဘာပြောရမယ်မှန်း မသိ၊ ဘာမှလည်း မပြောချင်တော့ပေ။ Round 8 မှာ Bournemouth ကို အိမ်ကွင်းမှာ ၀-၃ နဲ့ ဂိုးပြတ် ရှုံး၏။ မနေ့က Round 9 မှာ Chelsea ကို ၂ ဂိုး ပြတ်နဲ့ ရှုံး၏။ ၂ ပွဲလုံး နောက်တန်းတွေနဲ့ ဂိုးသမား၏ နားလည်မှု လွဲမှားခြင်းကနေ ဂိုးတွေ ပေးလိုက်ရခြင်း ဖြစ်၏။
မနေ့ကပွဲမှာ ဗီလိန် ဖြစ်သွားသူကတော့ နောက်တန်း ကစားသမား Martinez ဖြစ်လေ၏။ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံရသလို သူ့ကြောင့် ပင်နယ်တီ ပေးရလေ၏။ နိုင်ငံအသင်းနဲ့ ကောင်းသလောက် ကလပ်အသင်းနဲ့ဆို တချက်တချက် ထဖောက်လေ့ရှိသည့် ကစားသမား ဖြစ်လေ၏။ အသင်းက အမှတ်လိုနေချိန်ပါဆိုနေ။ သရေ တမှတ် ရရင်တောင် ယူရမှာပဲကို ခုက ထပ်ရှုံးရပြန်လေ၏။
Martinez ထုတ်ပယ် မခံရချိန်ထိ အသင်းက အခြေအနေကောင်းနေသေး၏။ အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင်မှုတွေနဲ့ အကြိတ်အနယ် ရှိလှ၏။ ဦးဆောင်ဂိုး ပေးထားရသည့်တိုင် United မှာ အခွင့်အရေးတွေ ရှိနေသေး၏။ ဒါပေမဲ့ တယောက်လည်း ထုတ်ခံရ ပင်နယ်တီပါ ပေးလိုက်ရပြီးနောက် ပြန်လာနိုင်ဖို့ရာ မဖြစ်နိုင်တော့ပေ။ ကိုယ်က တယောက်သာနေချိန်မှာတောင် အနိုင် မယူတတ်သည့်အသင်းပါဆို ကိုယ်တိုင် တယောက် လျော့တော့ ပိုဆိုးပြီပေါ့။
United နောက် လိုက်တာကတော့ City ဖြစ်၏။ ဒီတပတ်မှာ Manchester ညီနောင်တို့ အခြေအနေ မကောင်းပေ။ အိမ်ကွင်းမှာ Brighton ကို ၀-၁ နဲ့ ရှုံးနိမ့်သွားခဲ့၏။ Brighton တို့ Carabao Cup ရှုံးကြွေးကို EPL မှာ ပြန်ဆပ်လေ၏။ City အနေဖြင့် EPL ၂ ပွဲဆက် ရှုံးပွဲနဲ့ ကြုံတွေ့သွားရလေ၏။ Arsenal သာ Liverpool ကို သရေ သို့မဟုတ် အနိုင် ကစားခဲ့ရင် Arsenal ၏ ကျော်တက်ခြင်းကို ခံရဦးမည် ဖြစ်၏။
ရှုံးပွဲတွေ့သွားပေမဲ့ City က ချန်ပီယံ လမ်းကြောင်းကနေ မသွေဖယ်သွားသေးပေ။ ခုမှ ပွဲစဉ် ၉ သာ ပြီးသေးသည် မဟုတ်လား။ အမှတ်ပေးဇယား ထိပ်ပိုင်းအသင်းတွေ ရပ်တည်မှုက အမှတ်အားဖြင့် ကွာဟချက် သိပ်မရှိပေ။ သူတလှည့် ကိုယ်တလှည့် အနိုင်ယူပြီး အမှတ်ပေးဇယား အထက်အောက် လှည့်နေကြ၏။ City ကို အနိုင်ရခဲ့သည့် Brighton အနေဖြင့် အမှတ်ပေးဇယားမှာ အဆင့် ၃ နေရာထိ တက်လှမ်းလို့လာနေခဲ့ပြီ ဖြစ်၏။
(photos from EPL page)