ပုပ္ပါး အရိပ်မှ ထွက်ခွါကာ ပုဂံညောင်ဦးသို့
ခရီးဆက်ခဲ့ကြသည်။ ပုဂံ မရောက်ဖူးသေးတော့
ဘယ်လိုကြီးလဲပေါ့ ကလေးများလို ရင်ခုန်မိသည်။
ပုဂံ ကို ကိုညီထွဋ် သီချင်းသံကြားပြီးကတည်းက
ရောက်ချင်သည်။ မဟာ ဝမ်းတူးသရီး ဆိုပြီး
ပုဂံကို ရေးဖွဲ့ထားသည့် သီချင်းများက
ပုဂံကို သွားစေဖို့ တိုက်တွန်းစေခဲ့သည်။
သို့သော် ထိုအချိန်က မရောက်ဖြစ်ခဲ့ပါ။
မဟာ သီချင်းပါ စားသားများက ပုဂံကို
ပိုမိုကြွရွစေခဲ့ပြီး သီဆိုသူ၏ ကျွမ်းကျင်မှုနဲ့
ပေါင်းဆက်သည့်အခါ ရင်ထဲသို့ တန်းရောက်စေခဲ့သည်။
ခေတ်စကားအရပါဆို ရင်ထဲထိစေခဲ့သည်။
မာန်ပါပါ အားပါပါဖြင့်ဆိုရတာ အာတွေ့ပြီး
အားရစေသည်။
Hive ဈေး 5 ဒေါ်လာဖြစ်ရင် ပုဂံကို
အိတ်စပရက်ကားကြီးစီး၍ ဟိုက်အဖွဲ့သားများဖြင့်
တခါ သွားချင်ပါတယ်။ Hive ဈေး 10ဒေါ်လာ
ဖြစ်ရင်တော့ ကျုပ်တို့ ခေါင်းဆောင်
ကိုဟင်နရီအောင် က နိုင်ငံခြားကို ပို့ပေးမှာတဲ့။
ကျုပ်ကတော့ ပုဂံကို အရင်ပို့ပေးခိုင်းရမှာပ။
ကျုပ်မတည်ဖူးတဲ့ ဈေးများတဲ့ ဟိုတယ်ကို
အဲ့သည့်အခါမှာ တည်ကြည့်ချင်သေး။
အင်း ခုတော့ သင်္ကြန်နွေပူ အညာအပူအများဆုံးအချိန်
ပုဂံကို သွားခဲ့တာလေး ဆက်ကြအုံးစို့။
ပုဂံမြို့အဝင် နှုတ်ခွန်းဆက်မုခ်ဦးကြီးက
မြင်ရတာ ကြည်နူးစရာ။ အညာအပူကို
ခဏမေ့သွားစေသည် အင်း ပုဂံမြေကို ခြေနင်း
ရတော့မှာပ။ ကားဆရာက တည်းခိုမည့်
ဘုန်းကြီးကျောင်းလိုက်ရှာသည်။ ဘုန်းကြီးကျောင်း၌
ကိုယ့်ထက် အရင်ဦးသူများ၊ ရောက်နှင်သူများ
ကရှိနေသည်။ ဘုန်းကြီးကျောင်းက တည်းခိုးခန်း
ပမာဖြစ်နေသည်။
ဝါးထရံအမိုးအကာ ကြမ်းခင်းထားသည့်
အဆောက်အဦတခုမှာ တည်းရသည်။
နှစ်ဖွဲ့တည်းနိုင်ရန် အလယ်မှာ ဝါးထရံခြား
ထားသည်။ ကိုယ်တွေ ကားထိုး၍ တည်းမည့်
အခန်းရောက်သည့်အခါ အောက်ခင်းထားသည့်
ဝါးဖျာကြမ်းများကို မ ၍ ဖုန်များခါထုတ်ရသည်။
ယခင်တည်သူများ ချန်ထားခဲ့သည့် ရေသန့်ဗူး၊
အချိုရည်ဗူး၊ ဖော့ဗူးများရှင်းလင်းရသည်။
ရှင်းလင်းပြီးသော အမှိုက်များထဲ့ရန် တောင်းတခု
ရှာ၍ထည့်ကာ သန့်ရှင်းရေးပြုလုပ်သည်။
သန့်ရှင်းရေး ပြုလုပ်ပြီး ရေချိုးရန်နေရာက
ကိုယ့်အနီးအနားမှာရှိသည်။ တဝုန်းဝုန်းဖြင့်
ရေချိုးသူက မပျက်ရှိသည်။ ရေချိုးရန်
လူရှင်းစောင့်ရင်း ညနေမှောင်ပေတော့မည်။
လူနည်းသည့်အချိန် ဝင်ချိုးရပါတော့သည်။
ရာသီကပူတော့ ကန်ရေအေးအေးလေး
ချိုးမည်ဟု ရေခပ်လိုက်သည်။ ဟံမလေး
ငါချိုးတာ ရေမှ ဟုတ်ရဲ့လား ရေနွေးတွေများလား။
ပူလိုက်တဲ့ရေ။
ဘုန်းကြီးကျောင်းက တည်းခိုခန်းပမာ
ပြုလုပ်ထားတော့ ရေချိုးသူက များလှသည်။
ရေကန်က ကန်အတွင်း ရေဖြည့်ရင်း ရေကုန်သည်။
ရေပြည့်ချိန်မရ ရေအပူကို လု၍ရေချိုးရသည့်
ဘဝ။ ပုဂံညက ပူလောင်စွာဖြင့် ယက်ခတ်ရင်း
ကုန်ခဲ့သည်။ မနက်အစော တွေ့သည့်ဆိုင်
မနက်စာစားသည်။ ခြစ်ခြစ်တောက် ပူသည့်
နေမင်းအောက် ပူလှသည့် အနီရောင်အုတ်များကို
နင်းကာ ခုန်ဆွခုန်ဆွဖြင့် ပုဂံဘုရားများဖူးခဲ့
ရတာ အမှတ်တရ ရှိနေဆဲပါလေ။
@htwegyi
1-3-2022