မျှော်လင့်ထားသည့်အတိုင်း ယူနိုက်တက်တို့ စီးတီးကို (၃-၁) ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့၏။ ဒီရာသီမှာတော့ စီးတီးကို အိမ်ကွင်းမှာကော၊ အဝေးကွင်းမှာကော အနိုင်ယူထားနိုင်ခြင်း မရှိခဲ့ပေ။ ဂိုးတွေ မပြတ်သွားတာကိုပဲ ကျေးဇူးတင်ရပေလိမ့်မည်။ ယူနိုက်တက်တို့ အနေဖြင့် EPL နှစ်ပွဲဆက် ရှုံးသွားခဲ့ပြီ ဖြစ်၏။ week 26 မှာ ဖူလ်ဟမ်ကို အိမ်ကွင်း၊ week 27 မှာ စီးတီးကို အဝေးကွင်းတို့မှာ ရှုံးနိမ့်ထားခဲ့ခြင်း ဖြစ်၏။
နှစ်ပွဲဆက် ရှုံးနိမ့်မှု နှင့်အတူ အဆင့် ၄ နေရာက အက်စတုန်ဗီလာနှင့် (၁၁) မှတ်တိတိ ကွာသွားခဲ့ပြီ ဖြစ်၏။ တခြားသူများ ခြေချော်ချိန် စောင့်ရင်း ကိုယ်က အမှတ်တွေ ရသလောက် ယူထားရမယ့်ဟာကို ခုတော့ ကိုယ်တိုင်က ခြေချော်နေခဲ့၏။ အင်း တကယ်က ခြေချော်တာလည်း မဟုတ်ပြန်ပေ။ နဂို ကတည်းက ကိုယ်တွေက ခြေမှန်နေခဲ့တာမှ မဟုတ်ဘဲကိုး။ မကြာ ခဏ ရှုံးနေတာကကို ခြေမှန်၊ နေရာမှန် ဖြစ်နေခဲ့သည် ထင်ပါရဲ့။
ဒီအတိုင်းဆို ဥရောပပြိုင်ပွဲ ဝင်ခွင့်လည်း လက်လွှတ်ရတော့မည် ထင်ပါရဲ့။ ရာသီသိမ်းဖို့ ၁၁ ပွဲ ကျန်နေသေးပေမယ့် ဗီလာက ခြေချော်ဦးမှ။ သူက မချော်ဘဲ ကိုယ်တွေက ထပ်ရှုံးနေသေးပြန်ရင်လည်း ပိုလို့ ဝေးကွာသွားပေဦးမည်။ ချန်ပီယံလိဂ် ဝင်ခွင့်မရတောင် ယူရိုပါလိဂ်ပေါ့ဟု မှန်းထားရုံသာ။ ဒါတောင် အဆင့် ၇ က ဝက်စ်ဟမ်းက ၄၂ မှတ်ဖြင့် ဖိအား လိုက်ပေးနေ၏။ ကိုယ်တွေက ၄၄ မှတ်ဆိုတော့ ၂ မှတ်သာ ကွာ၏။ တော်နေကြာ ဝက်စ်ဟမ်းက ကျော်တက်သွားလို့ ယူရိုပါကွန့်ဖရန့်လိဂ်နှင့် ငြားနေပေလိမ့်ဦးမည်။
ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့တောင် ယူရိုပါလိဂ် ဝင်ခွင့်လေးတော့ ရအောင် ယူထားပါ ယူနိုက်တက်ရေဟုပဲ ပြောရပေတော့မည်။ week 28 မှာတော့ အဲဗာတန်နှင့် အိမ်ကွင်းမှာ ကစားရမည် ဖြစ်၏။ ထိုပွဲကလည်း လွယ်ကူမည့်ပွဲတော့ မဟုတ်ပေ။ တန်းဆင်းဇုန်က လွတ်နိုင်ဖို့ အမှတ်လိုနေသည့် အဲဗာတန်က ယူနိုက်တက်ကို ကောင်းကောင်း ဒုက္ခ ပေးနိုင်၏။ လက်ရှိမှာက အသင်းကြီး မကလို့ အသင်းငယ်ပဲ ဖြစ်ဖြစ် အသင်းတိုင်းက ယူနိုက်တက်တို့ ကစားရခက်နေသည့် အသင်းတွေ ချည်းပင်။
တချိန်က ကျားတကောင် ဖြစ်ခဲ့ပေမယ့် ခုချိန်မှာ ကျားအိုတကောင်နှယ်။ ကြောင်အို ကြွက်မလေး ဆိုသည့်အတိုင်း အသင်းတိုင်းက ယူနိုက်တက်ကို အနိုင်ကစားဖို့ အလွန်ပင် စိတ်အားထက်သန်နေကြလေတော့၏။
(photos from Manchester United Football Teams)