Carabao Cup Round 3 ပွဲကျန် ၁ ပွဲ ဖြစ်သည့် Man City vs Norwich ပွဲစဉ်မှာ City က ၅-၀ ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့လေ၏။ Manchester ချင်း တူပေမယ့် ကျေးညီနောင်အလား တသင်းက ရသေ့နား၊ တသင်းက ခိုးသူတွေနားလို ဖြစ်နေခဲ့၏။ အသင်းကြီးတွေက လူငယ်ကစားသမားတွေ ထည့်သွင်း ကစားသွားကြ၏။ ကိုယ်တွေအသင်းလည်း လူငယ် ကစားသမားတွေ ထည့်သွင်းကစားပါရဲ့။ ဂိုးလည်း သွင်းပါရဲ့ ဒါပေမဲ့ အနိုင်တော့ မရခဲ့ပေ။
အသက် ၁၉ နှစ် အရွယ် ကစားသမား Shae Lacey ဂိုးသွင်း ယူနိုင်ခဲ့ပေမဲ့ United တို့ အနိုင်တော့ မရခဲ့ပေ။ Arsenal မှာဆိုရင် ၁၆ နှစ် အရွယ် Dowman က ၂ ဂိုးသွင်းပြီး အသင်းလည်း အနိုင်ရသွား၏။ မနက်က City မှာ ဆိုရင်လည်း ၁၇ နှစ် အရွယ် Samba က ၂ ဂိုး သွင်းယူ သွားနိုင်ခဲ့၏။ ဆိုတော့ကာ ဘာတွေ လွဲနေသလဲပေါ့။ လူငယ် အရင်းအမြစ် ရှိတာချင်း အတူတူ၊ ရှိတဲ့ လူငယ်တွေလည်း အစွမ်းပြတာချင်း အတူတူကို ဘာလို့ အနိုင်မရသနည်း။ Brighton မလို့ ဆိုတာက အကြောင်းပြချက် သက်သက်ပင်။ ဦးဆောင်ဂိုး ၂ ဂိုး ရထားပြီးမှ ပြန်ရှုံးသွားတာကတော့ တကယ် သဘောမကျချင်စရာ။
ဒီကြားရက်ထဲ Europa league ပွဲစဉ်တွေလည်း ကစားသွားခဲ့၏။ United ၏ ရှုံးပွဲကြောင့် ဘယ်ပွဲမှ အာရုံမထား ဖြစ်တော့ပေ။ မထားဘူး ပြောပေမဲ့ စနေ၊ တနင်္ဂနွေ ရောက်လာပြန်ရင်လည်း ကြည့်မိနေဦးမှာပင်။ ဝဋ်ကြွေးတွေ မလား။ ဒီတပတ်တော့ Fulham နဲ့ အဝေးကွင်းမှာ ကစားရမည် ဖြစ်၏။
နက်ဖြန် မနက် ၁ နာရီခွဲမှာတော့ Brentford vs Chelsea တို့၏ ပွဲစဉ် ရှိနေ၏။ အမှတ်ပေး ဇယားမှာ အထက်အောက် ရပ်တည်နေသည့် ၂ သင်း ထိပ်တိုက်တွေ့သည့် ပွဲစဉ် ဖြစ်၏။ ဘယ်အသင်း အနိုင်ရသွားမလဲ။ နိုင်ပွဲကော သွင်းဂိုးကော မရသေးသည့် Tottenham အနေဖြင့် အိမ်ကွင်းမှာ Aston Villa ကို ဧည့်ခံကစားရမည် ဖြစ်၏။ အဆင့် ၁၇ နဲ့ ၁၉ တသင်းက ၂ မှတ် တသင်းက ၁ မှတ်။ ၂ သင်းလုံး ဒီရာသီ အဖွင့် မလှ ဖြစ်နေခဲ့၏။ ပိုဆိုးနေတာက Aston Villa ဖြစ်၏။ အနေအထားတခု အခြေအနေ တခု ရှိသည့် အသင်းက မည်သို့ ဖြစ်သွားလေ သနည်း။ Tottenham ကတော့ နောက်ပိုင်း နှစ်တွေမှာ အတော်လေး အခြေအနေ ဆိုးနေ၏။
Brighton vs Arsenal ပွဲကလည်း စိတ်ဝင်စားစရာပင်။ ရာနှုန်းပြည့် နိုင်ပွဲဆက်နေသည့် Arsenal ကို Brighton တို့ တားဆီးသွားနိုင်မလား။ Brighton အနေဖြင့် ၄ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံး ရလဒ် ထွက်ပေါ်ထား၏။ လက်ရှိ အနေအထားအရ Arsenal ကို ဟန့်တားနိုင်ဖို့ ခက်ခဲနေပေလိမ့်ဦးမည်။
(photos from EPL page)