အသက် ၄၀ မပြည့်ခင်မှာ ကျနော်သည် အဖိုး ဖြစ်သွားခဲ့၏။ ဟင် ကဒွန် ဘယ်တုန်းက မိန်းမ ရပြီး ကလေး မွေးလိုက်တာလဲ၊ ပြီး ထိုကလေးက ဘယ်တုန်းက အသက် ၁၈ ပြည့်လို့ အိမ်ထောင်ကျပြီး ကလေးမွေးလိုက်တာလဲပေါ့။ ဒီအသက်အရွယ်လောက်နဲ့က အဖေဆို ယုံဦးမယ် ခုက အဖိုးတဲ့လားဟု မိတ်ဆွေတို့ ပြောမည်ထင်။ တကယ်ပါ ကျနော် တကယ်ကို အဖိုး ဖြစ်ခဲ့ပြီ။
ကျနော် တင်လားဆို အသက် ၁၀ နှစ် မပြည့်သေးသည့် တအိမ်ထဲနေ တူမလေးနဲ့ တူလေးတို့တောင် အဒေါ်နဲ့ ဦးလေး ဖြစ်သွား ခဲ့ပြီ။ လွန်ခဲ့သော နှစ်ရက်လောက်က တူမလေး လာလည်၏။ ဆုံးသွားပြီး ဖြစ်သည့် အကိုလတ်၏ သမီးကြီး ဖြစ်၏။ ကျနော့် အတွက် တူမ အကြီးဆုံးပေါ့။ သူက ကျိုင်းတုံမှာ နေ၏။ အသက်အားဖြင့် ၂၅ နှစ် ရှိပြီ ဖြစ်၏။ အိမ်ထောင်ကျသွားခဲ့တာ ကြာပြီ။ သူမွေးထားသည့် ကလေးတောင် ခုဆို ၂ နှစ်ခွဲ ရှိပြီ ဖြစ်၏။
ဒီလောက်ဆို ကျနော် အဖိုး ဖြစ်တာကို မိတ်ဆွေတို့ သိပြီထင်၏။ ကလေး အတွက် ကျနော်က အဖိုး၏ ညီ ဖြစ်တော့ အဖိုးလေးဟုပဲ ခေါ်ရမလား အဖိုးတဝမ်းကွဲဟုပဲ ခေါ်ရလေ မလားတော့ မသိပေ။ သေချာတာတော့ ကျနော် အဖိုး ဖြစ်သွား ခဲ့ပြီ။ ရယ်စရာလည်း ကောင်းသားလား။ ပိုရယ်ရတာက အိမ်က တူမလေးနဲ့ တူလေး ဖြစ်၏။ ခုကလေးက သူတို့နဲ့ တူလေး တော်သည်မဟုတ်လား။ နှစ်ယောက်သား သူတို့ ကိုယ့်ကို ဒေါ်ဒေါ်၊ ဦးဦးတွေ လုပ်လို့နေကြတော့၏။
မြေးတော်က ၂ နှစ်ခွဲ ဆိုပေမယ့် အတော်ထွား၏။ အနှစ်တွေချည်း စုထားသည့်နှယ်။ လာလည်စရက်က သူ့ကို မိနစ်ပိုင်းလောက်လေးပဲ ချီလိုက်တာ လက်မောင်း အတော်ညောင်းသွား၏။ သူပြန်သွားသည့်တိုင် ညအထိ လက်မောင်း၊ လက်ဖျံတွေ နာနေတော့၏။ ဒီနေ့ဆို ပိုတောင်ဆိုးသေး။ ဒီနေ့က ထပ်လာ လည်၏။ ရှေ့ရက်ကထက် အချိန် ကြာကြာ ပိုနေ၏။ ထို့ကြောင့် ပိုထိန်းရတော့၏။ တူမလေး (သူ့ အမေ) က သူ့သားနဲ့ ယှဥ်လျှင် သေးသေးလေး ဖြစ်လို့နေ၏။
မြေးတော်က ၂ နှစ်ခွဲ ဖြစ်နေပေမယ့် သူ့ အမေက နို့မဖြတ်သေးပေ။ နို့ဆွဲတာရယ်၊ ကလေး ထိန်းရတာရယ်နဲ့ တူမလေးမှာ သေးသေးကွေးကွေး ပိန်ပိန်လေး ဖြစ်နေရတော့၏။ ကလေးကလည်း ကလေးပင် ဒီနေ့ ကျနော်တောင် battery တွေ down ကုန်၏။ ဆရာသမားက သန်လည်း သန်၏။ သူ့သူတောင် ကောင်းကောင်း မနိုင်သေးပေမယ့် ပြေးက ထပြေးသေး၏။ လိုက်လိုက်ကြည့် လိုက်လိုက်ဆွဲနေရတော့၏။
ထူးဆန်းတာက ကလေးက ခုမှ ကျနော်တို့နဲ့ တွေ့ရပေမယ့် မစိမ်းနေပေ။ အမျိုးမှန်း သိသည် ထင်၏။ လာလည်စရက်ကတည်းက ခပ်စိမ်းစိမ်း မဖြစ်နေဘဲ လက်ပွန်းတီးတီး ရှိလှ၏။ ကလေးက ဗွေ ၂ လုံးနဲ့ ဖြစ်၏။ တော်တော်တော့ ထက်ပေလိမ့်မယ်။ ချစ်မွှေးလည်း ရှိ၏။ သူ့ အမေတုန်းကလည်း ကျနော်ပဲ ထိန်းခဲ့ရ၏။ ခု သူ့သား အလှည့်မှာပါ ထိန်းရပြန်၏။ ဒါပေမယ့် ခဏလောက်သာပါ။ လပိုင်းလောက်နေပြီးလျှင်တော့ သူတို့လည်း ပြန်ကြပေလိမ့်မည်။ ကြားထဲတော့ မကြာမကြာ လာလည်ဦးမည်ပေါ့။
အင်း သူတို့ ပြန်သွားလျှင် ကိုယ့်မှာတော့ လွမ်းပြီး သတိတရ ဖြစ်ကျန်နေခဲ့မှာ ကြိုတင် မြင်ရောင် နေမိတော့၏။