တနေ့တွင် (၂၄) နာရီ ရှိသည် ဆို၏။ ကျနော်တော့ မယုံချင်ပေ။ တခါတလေ အချိန်ကုန်တာ မြန်သွားပြီး တခါတခါကျ အချိန်ကုန်တာ အတော်ကြာနေသည်ဟု ခံစားရ၏။ အမှန်တော့ (၂၄) နာရီသည် မှန်ပြီး ကျနော့် စိတ်နာရီက မြန်လိုက် နှေးလိုက် ဖြစ်နေခြင်း ဖြစ်၏။ မည်သို့ဆိုစေ အချိန်တို့က ကုန်နေ၏။ သတိထားမိလို့ပဲ ဖြစ်ဖြစ်၊ သတိမထားမိလို့ပဲ ဖြစ်ဖြစ် အချိန်တို့သည် တစစနှင့် သက်တမ်းများကို ၀ါးမြိုနေ၏။
မိတ်ဆွေ၏ တနေ့တာအချိန်များကို မည်သို့ အသုံးပြုပြီး ကုန်ဆုံးစေသနည်း။ ကျနော့် တနေ့တာ ဖြတ်သန်းမှုက ရိုးရိုးလေးပင်။ အင်းလေ … အဆန်းတကြယ်ရှိရအောင် ကျနော်က လူထူးဆန်းလည်း မဟုတ်နေပဲကိုး။ ကျနော်၏ တရက်တာ အိပ်စက်ချိန်သည် ပျမ်းမျှအားဖြင့် (၆) နာရီ ရှိ၏။ အအိပ်မက်သည့် ကျနော့်အဖို့ ထိုအိပ်စက်ချိန် ပမာဏသည် ကျေနပ်စရာ အခြေအနေတရပ်တော့ မဟုတ်ပေ။ မကျေနပ်ရင် ပိုအိပ်ပေါ့ဟု ဆိုစရာ ရှိ၏။ အိပ်ချင်တာပေါ့ဗျာ။ သို့သော် မထမဖြစ် လုပ်ကိုင်ဆောင်ရွက်စရာများ ရှိသောကြောင့် နံနက် (၇) နာရီထိုးလျှင် ကုန်းရုန်းပြီး ထရတော့၏။
ဒါဆို ညဖက် စောစောအိပ်ပေါ့။ ကြိုစားကြည့်ဖူး၏။ မရပေ။ အိပ်မပျော်လို့လား ဆိုလျှင် မအိပ်ဖြစ်နေတာ ဟု ဆိုရပေမည်။ လုပ်စရာ အလုပ်ကိစ္စများ မပြီးပြတ်လို့ပဲ ဖြစ်ဖြစ်၊ စာဖတ်နေလို့ပဲ ဖြစ်ဖြစ်၊ TV ကြည့်နေလို့ပဲ ဖြစ်ဖြစ်၊ စာရေးနေလို့ပဲ ဖြစ်ဖြစ်၊ တခါတလေ ဘာမှန်းမိသိ အကြောင်းမရှိ အကြောင်းရှာ Phone ပွတ်နေလို့ပဲ ဖြစ်ဖြစ် ကျနော့် အိပ်ချိန်သည် နံနက် (၁) နာရီ မှ စဖြစ်နေတော့၏။ တခါတလေ နံနက် (၂) ချက်ထိုးတိုင်သွားသည့် အခါမျိုးလည်း ရှိတတ်၏။ ယခုအချိန်ထိတော့ အိပ်စက်ချိန်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်စွမ်း မရှိသေးပေ။ အိပ်ရေးဝ တ၀က်၊ မ၀ တ၀က်နှင့် နေ့ရက် အချို့ကို ဖြတ်သန်းနေရဆဲ ဖြစ်၏။
နံနက်ခင်း နိုးလာပြီဆိုသည်နှင့် ရေတခွက် သောက်၊ သန့်စင်ခန်းဝင်ပြီး ကိုယ်လက်သန့်စင်၏။ နံနက် (၈) နာရီမတိုင်မီ ကျူရှင်သို့ သွား၏။ ကျူရှင်က (၈) နာရီ စသည်ကိုး။ မနက်စာ မမီသည်က များ၏။ သို့သော် (၉) နာရီ အတန်းချိန် ပြီးလျှင်တော့ နံနက်စာ စားဖြစ်၏။ တိုးဖူးနွေး သို့ မဟုတ်၊ မန္တလေးမြည်းရှည် အဆင်ပြေရာ တခုခု စားဖြစ်၏။ ပြီးလျှင် နောက် အတန်းချိန် ကိုသွား၏။ နေ့လည် (၁၂) နာရီ ထိုးမှသာ ကျနော့် စာသင်ချိန် ပြီး၏။ ဒီနှစ်က ကိုယ်ပိုင် ကျူရှင်လေး စလုပ်တော့ ယခင်နှစ်များထက် ပိုပင်ပန်း၏။ စိတ်မော၊ လူမောပေါ့။ ရှိစုမဲ့စု ကိုယ်ပိုင်ချိန်များထဲမှ အချို့ကို ဖဲ့ပေးလိုက်ရပြန်၏။ အင်းလေ ယခု ပင်ပန်းခံထားမှ နောင်တချိန် အေးအေးဆေးဆေး နေရပေမည်။ အနာခံမှ အသာစံ ရ မဟုတ်လား။
လုံးဝကြီး မအားလပ်ခြင်းမျိုး မဟုတ်ပေ။ မကြာမကြာ မနက်အစော (နံနက် ၆ နာရီလောက်) Futsal ကန် ဖြစ်၏။ တခါတလေ ညနေဖက် ကျူရှင်အားသည့် ရက်မျိုးလည်း ကန်ဖြစ်၏။ တပတ်ကို (၃) ကြိမ်လောက်တာ့ ပုံမှန် ကန်ဖြစ်၏။ ဒီအတိုင်း သူငယ်ချင်းတွေစုပြီး အပျော်ကန်ကြခြင်း ဖြစ်၏။ စလိုက်၊ နောက်လိုက်၊ ဂိုးသွင်းလိုက်၊ အောင်ပွဲခံလိုက်ပေါ့။ ဒါလည်း စိတ်အပန်းဖြေနည်း တမျိုးပင် ဖြစ်၏။
နေ့လည်စာကို အိမ်မှာပဲ စားဖြစ်သည်က များ၏။ နေ့လည်စာ စားပြီးနောက် ခဏတဖြုတ် အနားယူ၏။ တခါတလေ နာရီဝက်လောက် ခဏ အိပ်၏။ နေ့လည် (၂) နာရီခွဲလျှင်တော့ KG တက်နေသော တူတော်မောင်ကို သွားကြိုရ၏။ ကျနော့်အမက ရုံးတဖက်နှင့်ဆိုတော့ တူတော်မောင်ကို ကျနော်ကသာ ကြိုရ၏။ မနက်ကိုတာ့ သူ့အမေ ကိုယ်တိုင် ကျောင်းပို့ပေး၏။ သူ့ကို ကြိုပြီး ပြန်လာပြီးလျှင်တော့ စာရေး၏။ Steemit မှာ တင်ဖို့ ဖြစ်၏။ တရက် တပုဒ် ရေးနိုင်အောင် ကြိုးစား၏။ နဂို စာရေးကျင့်၊ စာရေးလက်စ ရှိပြီးသော ကျနော့်အဖို့ စာရေးသားခြင်းသည် အစိမ်းသက်သက် မဟုတ်ပေ။ တခါ တလ ရေးပျင်းသည့် အခါမျိုး၊ Idea မရှိသည့် အခါမျိုးတွင်တော့ မရေး ဖြစ်ပေ။
ညနေစောင်းလျှင်တော့ ညနေဖက် အတန်းချိန်သို့ သွား၏။ ညနေဖက် အတန်းချိန်ပြီးသွားလျှင်တော့ သူငယ်ချင်းများနှင့် Night Out လုပ်ဖြစ်၏။ လူစုံလျှင် ဘီယာဆိုင်လေး ထိုင်လိုက် ရှေးဟောင်းနှောင်းဖြစ်လေး ပြောလိုက်၊ လက်ရှိ အကြောင်းအရာတွေ ပြောလိုက်၊ အနာဂတ်အကြောင်း ပြောလိုက်နှင့် အချိန်တို့ကို ကုန်ဆုံးစေ၏။ လူမစုံလျှင်လည်း စုံအောင် စု၏။ ညဖက် အိမ်ပြန်ရောက်ချိန်က အတိအကျ မရှိပေ။ စာသင်ချိန်ပြီး မည်မျှ လည်ပတ်နေ၊ လူစုံနေ၊ သောက်နေသည်ပေါ် မူတည်၏။ ည (၉) နာရီခွဲသည် အစောဆုံးပြန်ချိန် ဖြစ်ပြီး၊ နံနက် (၁) နာရီသည် နောက်အကျဆုံး အိမ်ပြန်ချိန် ဖြစ်၏။ ည (၁၀) နာရီခွဲလျှင်တော့ အမေက ပုံမှန် Phone ဆက်၏။ မပြန်လာသေးဘူးလားပေါ့။ အိမ်ပြန်ရောက်လျှင် အစာပြေ တခုခုစား မျက်နှာသစ်၊ သွားတိုက်၏။ ပြီးလျှင် စာဖတ် (သို့) ရုပ်ရှင်ကြည့် (သို့) phone ပွတ်တော့၏။ ပြီးလျှင်တော့ အိပ်ယာဝင်၏။
စနေ၊ တနင်္ဂနွေလို ရက်မျိုးဆိုလျှင်တော့ သာယာ၏။ နေ့လည်ဖက်တွင် Coffee ဆိုင်လေး ထိုင်လိုက်၊ သူငယ်ချင်းများနှင့် ဟိုဒီ သွားလည် လိုက်ပေါ့။ ညဖက်ဆိုလျှင်တော့ ဘောလုံးပွဲ ကြည့်ပေါ့။ ဤသည်မှာ ကျနော်၏ မထူးခြားသော တနေ့တာ ဖြတ်သန်းမှု ပုံစံ ဖြစ်ချေတော့၏။
Don Jaun
MSC 31