ဆိုသလို။

Words
156
Reading
1 min
Listen
Play
6h

လူ့ဘဝ ဘုထ ဆိုသလို။ ကိုယ်တယောက်ထဲ
အေးအေးနေခဲ့မိသမျှ မိန်းမယူမိမှ ငါးပါးရော၊
သံဃာစင်ပါ မှောက်ပါလေရော ဆိုသလို။
အဲ့သလို ဆိုသလို တွေများနေတာကိုးက
ဘဝကြီးပါပဲ။ လေးဆယ်ကျော် ငါးနှစ်အတွင်း
ပြန်ဆုံကြတဲ့ ငယ်ချစ်ဦးလည်း မဟုတ်ပါဘူး။

ဒီလိုဗျာ ကျွန်တော့်လုပ်ငန်းခွင်မှာ မိန်းကလေးများ
ရောက်လာပြီးသကာလ ထိုမိန်းကလေးငယ်များထဲမှ
တဦးနှင့် အကြောင်းဆက် ပေါင်းဖက်မိပါသည်။
မိန်းကလေးက ကျွန်တော်ထက် ဆယ်နှစ်ငယ်သည်။
ပထမတော့ပျော်တာပေါ့နော်။ ပဇင်းတို့ ပုခက်တွင်း
တို့ စသဖြင့်ပေါ့လေ စကားလုံးများရှိသမို့
ပျော်မိတာပေါ့။

အိမ်ထောင်ရက်သား လမှ နှစ်ကိုရောက်ရှိတော့
ဘဝကြီးက ပျော်သလိုလို၊ မပျော်သလိုလို
မမဆောင်းဖြစ်ရသည်။ သူကငယ်ရွယ်သူမို့
သူ့အလိုလိုက်ရသည်။ ယောက်ခမက တမျိုး၊
မိန်းမကတမျိုး တရက်ကို နှစ်မျိုးနဲ့ နေရသည်။
မိန်းမက ပြောသေး။ နိုင်ချင်လို့ ကိုယ့်ထက်ကြီးတာ
ယူထားသတဲ့။ ရှိစေတော့။ ယောက်ခမကတော့
အဆစ်ပေါ့။ ယောက်ခမက အထီးမရှိပဲ အမတဦးတည်း
ရှိ‌ပေသမို့ တော်သေးဟု ပြောရမည်။ အိမ်ထောင်သက်
တနှစ်ပြည့်တော့ ငွေရေးကြေးရေးလေးလည်း အနည်းငယ်
စုမိသလို။ မိန်းမမှာလည်း ကိုယ်ဝန်
ရှိကာ ပိုလာသပေါ့။

သားသမီး ဆိုတာ ရတနာပေမို့လား။ ဒီ့ထက် နှစ်ဆ
ပိုရှာရတာပေါ့။ ကိုယ့်အိမ်ထောင်နဲ့ကိုယ် လုံးချာ
လိုက်နေစဉ် ကိုယ်မိဘသဖွယ်ဖြစ်သော အဒေါ်က
နေထိုင်မကောင်းဟု အကြောင်းကြားလာသည်။
မိဘများမရှိတော့၍ ထိုအ‌ဒေါ်ကို မိဘသဖွယ်
ပြုစုရပေအုံးမည်။ မိန်းမက ကိုယ်ဝန် နေ့စေ့
လစေ့ဖြစ်သည်။ မွေးစရိတ်အတွက် စုထားသော
ငွေရှိပေသိ အဒေါ်ကျန်းမာ‌ ရေးအတွက်တော့
ထို မွေးစရိတ်ငွေကို သုံးမဖြစ်ပေ။

အဒေါ်က သူ့ကျန်းမာရေးအတွက် အိုစာမင်းစာလေး
ရှိသမို့ တော်ပေသေး။ အဒေါ်ကို ဆေးရုံး ဆေးခန်း
လိုက်လံပို့ဆောင်ပေးရသည်။ ဆေးရုံတက်ရသော
အဒေါ်ကို ကျွန်တော့်ညီမက ပြုစုသည်။ ကျွန်တော်က
လိုအပ်တာများ လုပ်ဆောင်ပေးရသည်။ ဒီကြားထဲ
မိန်းမနဲ့ ယောက်ခမ မျက်နှာ မပျက်ရအောင်
ငွေရှာရသေးသည်။ ဟူး မလွယ်ပါဘူးဗျာ
ဆိုသလို။ မိန်းမလေး တယောက်ရပါတယ်
ပူညံပူညံ မလုပ်လို့ တော်ပါသေးဟု မထင်လိုက်ပါနဲ့။
ဘယ်သောအခါမှ ပူညံပူညံ လုပ်မယ့် အသံ
ကြားရမည်ဆိုတာ အသာလေး နားစွင့်လို့
နေရပါသေး။ တကိုယ်တည်းဘဝမှ စွန့်ခွါလာသူမို့
ဒါတွေ မပြောတော့ပါဘူး ဆိုသလို။ အင်း
ဆိုသလို တွေကလည်း များလိုက်ပါဘိဗျာ။

htwegyi@htwegyi
September 22, 2026

ဆိုသလို။ | Ecency