ခူးပြီလေ

Words
202
Reading
1 min
Listen
Play
4y

ဒီနေ့ ပိန္နဲသီး ခူးဖြစ်၏။ တနေ့က ရေးခဲ့သလို အသီးတွေက အများကြီး မသီးပေ။ ပြီး အမြင့်ပိုင်းမှာ သိပ် မသီးကြပေ။ ဒါပေမယ့် အောက်ခြေနားမှာ အပြုံလိုက် အများကြီး သီးနေတာမျိုးတော့ ရှိ၏။ တကိုင်းထဲ ၄၊ ၅ လုံး သီးနေတာမျိုးပေါ့။ ထိုသို့ သီးပါက အတော် ဂွကျလှ၏။ ကြီးတဲ့ အသီးကကြီးပြီး ငယ်တဲ့ အသီးကငယ်နဲ့။ ဆိုးတာက အညှာက တခုထဲဆိုတော့ ခူးရ ခက်စေ၏။ ခူးချင်တဲ့ အသီးက ခူးရ ခက်ပြီး အတွင်းပိုင်းထဲ ရောက်နေပါက သာရယ် ဆိုးစေတော့၏။

ဒီနေ့ ခူးရတဲ့ အသီးတွေ ကလည်း အဲ့လိုပါပဲ။ အမှန်တော့ အညှာတခုထဲ အဲ့လို သီးနေပါက အလုံးတွေ မကြီးလာခင် တချို့ အသီးတွေကို ချွေပစ်သင့်သည် ဆိုကြ၏။ ကျနော်က လုပ်မယ် ဆိုပေမယ့် အမေက ထားလိုက်ပါ ဆိုသဖြင့် မလုပ် ဖြစ်ခဲ့ပေ။ ထို့ကြောင့် အသီးလည်း ကြီးလာရော အကုန် ရှုပ်ကုန်တော့၏။

ဒီနေ့လည်း ခူးဖို့ ရယ်ရွယ်တာက တလုံးထဲရယ်။ ဖင်ပိုင်းနားက မဲနေပြီ ဖြစ်သည့် အသီးငယ်ကို ခူး၊ ဖယ်ပစ်လိုက်ဖို့ ဖြစ်၏။ မှည့်တော့ မမှည့်သေးပေ။ ဒါပေမယ့် ဟင်းချက် စားလို့ရသည့် အနေအထားတော့ ရောက်နေပြီ ဖြစ်၏။ ခက်တာက ထိုအသီးက အညှာတခုထဲမှာ အခြား အသီးတွေနဲ့ အတူ ရှိနေခြင်း ဖြစ်၏။ ထို အညှာ ကိုင်းမှာက အသီး ၅ လုံး ရှိ၏။

ခု ကျနော် ခူးမယ့် အသီးက ထို မူလ အညှာကြီးကနေ ထပ်ခွဲထွက်လာပြီး သီးနေသည့် အသီး ဖြစ်၏။ ထို့ပြင် အသီး ၂ လုံးကြားထဲ ညှပ်ပြီး သီးနေ၏။ သိကြသည့် အတိုင်း ပိန္နဲသီး အညှာက ကတ်ကြေးနဲ့ ညှပ်ပြီး အလွယ်တကူ ခူးလို့ မရပေ။ ဓားနှင့် ခုတ်မှရယ်။ ခက်တာက သူက ကြားထဲမှာ ဆိုတော့ ခုတ်ဖို့ နေရာက မရှိ၊ မရနေပေ။ တခြား အသီးတွေ ထိသွားနိုင်၏။ ထို့ကြောင့် ဓားတပြားစာလေး လွတ်နေသည့် နေရာလေးကနေ ဓားကို အသာထည့်ပြီး ဖြည်းဖြည်းချင်း ပွတ်ဆွဲရ၏။

ထိန်းထိန်းပြီးတော့လည်း လုပ်ရ၏။ အသီးက ဝုန်းခနဲ ကျသွားနိုင်သည် မဟုတ်လား။ ဒါပေမယ့် သတိထား ကြိတ်ဖြတ်နေသည့် ကြားက အညှာ အကုန် မပြတ်၊ မဖြတ်ရသေးခင်မှာပင် အသီးက ဗုန်းခနဲ ကျတော့၏။ အပင်၏ အနိမ့်ပိုင်း ဖြစ်နေလို့သာ တော်သေး၏။ ထိုအသီးကျပြီး မကြာမီ နောက်ထပ် ၃ လုံးပါ ပြတ်ကျ ကုန်၏။ ကောင်းရော။ မူလ အညှာ တခုထဲကနေ ခွဲထွက်ပြီး သီးသည့် အသီးတွေ ဖြစ်သော်လည်း ဓားနှင့် ကြိတ်ဖြတ်သည့် အရှိန်၊ ဒဏ်ကို မခံနိုင်ကြဘူး ထင်ပါရဲ့။

မူလက ရည်ရွယ်ထားသည့် အတိုင်း အလုံးကြီးကိုတော့ ဘုန်းကြီးကျောင်းမှာ သွားလှူ လိုက်ပါဦးမည်။