ယနေ့တော့ ရေးစရာ အကြောင်းအရာကို
အပျိုကြီးတဦး ပြောပြချက်မှ ပြန်လည်
ဝေမျှပါသည်။ သူမ၏မြေးကို ကာကွယ်ဆေး
ထိုးပေးရန် မန္တလေး ကုတင်ငါးရာဆေးရုံ
သို့သွားသည်။ ကလေးငယ်များက သုံးလေး
လအရွယ် ကလေးပေါက်စများဖြစ်သည်။
သူမမြေးက လေးလပြည့်တော့မည် မည်သည့်
ကာကွယ်ဆေးမျှ မထိုးရသေးပါ။
ဆိုတော့ ဆေးရုံးရောက်သည့်အခါ
ကလေးမိခင်များက ဆေးထိုးရန် အလှည့်
စောင့်နေကြသည်။ အလှည့်ကျ၍ ဆေးထိုးခံရသည့်
ကလေးများမှာ အော်ငိုသံများကြားရသည်။
အော်ငိုသံများကို ကြားရသည့်အခါ
အပျိုကြီးမှာ စိတ်မချမ်းသာရှာပေ။
"သနားလိုက်ထာ ကလေးလေးတွေ
နာရှာလွန်လို့ ငိုနေကြတာဖြစ်မှာ သနားပါ
တယ်နော်၊ အမရော ကျမလို အဖော်လိုက်
လာတာလား"
ဘေးမှာ သူမလိုစောင့်နေသူ အမျိုးသမီးကို
မေးကာ စကားပြောလိုက်သည်။
"မဟုတ်ပါဘူး ကျမက ကလေးအမေပါ။
ကလေးကို ဆေးထိုးတာ မကြည့်ရက်လို့
သူ့အဖေကို ဝင်ထိုးခိုင်းရတာ။ သားလေး
ကို သနားလိုက်တာ။ ဆေးထိုးခိုင်းရတာ
နာရှာမှာ"
သူမတို့နှစ်ဦး ပြောစကားကို ကြားသွားသည့်
သူနာပြုကြီးက
"ကလေးတွေကို သနားလို့ ကာကွယ်ဆေးထိုးပေး
ရတာလေ။ ဆေးထိုးတာ ခဏလေးသာ နာရမှာ။
ဆေးမထိုးရင် ဖြစ်လာမယ့် ရောဂါတွေသာရရင်
ကလေးတွေ တဘဝလုံး နာပြီး သနားစရာ
အမြဲဖြစ်နေရတော့မှာလေ"
ဆရာမကြီး၏ ပြောစကားကို သိကြသော်လည်း
လူဆိုသည်ကလည်း အခက်သား မြင်ရ ကြားရ
ခဏလေးကို သနားပိုမိကြသည်။ သနားသည့်
ကြားမှ အပျိုကြီးပီပီ ကလေးများအားလုံးတွင်
သူ့မြေးက အသားဖြူပြီး အချောဆုံးဟု
မှတ်ချက်ချနေသည်။ သူ့မြေး အမေကို
ကလေးတွေထဲ ငါ့မြေးလေးက အချောဆုံးဟဲ့
ဟုပြောလေသည်။ မအေဖြစ်သူက ပြုံးကာ
ကိုယ့်သားသမီး အဲ့သလို ထင်ကြတာပါပဲ
တီလေးရယ်။ မိဘတိုင်းကတော့
ကိုယ့်သားသမီးကို အချောဆုံး၊ အလှဆုံး၊
အတော်ဆုံးဖြစ်စေချင်ကြပေမည်။
@htwegyi
23-8-2022