We Got 3 Points

Words
181
Reading
1 min
Listen
Play
23d

၁၅ ရက်နေ့မှာ Shan Futsal League (SFL) ဖွင့်ပွဲ နဲ့ ပွဲစဉ်အချို့ ယှဉ်ပြိုင် ကစား၏။ ကျနော်တို့အသင်း ပွဲစဉ်ကတော့ နောက်တရက် ၁၆ ရက်မှ ကစား၏။ အဖွင့်ပွဲစဉ်ကို အင်အားကြီး အသင်း တသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ရသည်ဟု ဆိုရမည် ဖြစ်၏။ ပြည်နယ် လက်ရွေးစဉ် အများစု ပါဝင်သည့် အသင်းနဲ့ ယှဉ်ပြိုင်ရခြင်း ဖြစ်၏။ ခြေစွမ်းပိုင်း ကွာဟချက် မရှိလှပေမဲ့ ဂိုးရယူနိုင်ခွင့်မှာတော့ တဖက်အသင်းက ကျနော်တို့ထက် သာသွားခဲ့၏။ ၅-၂ ဖြင့် ကျနော်တို့ ရှုံးနိမ့်သွားခဲ့ရ၏။

ဒုတိယပွဲစဉ်ကိုတော့ မနေ့က ယှဉ်ပြိုင် ကစား၏။ ကိုယ်ပိုင်ကျောင်း တကျောင်းက ဖွဲ့စည်း တည်ထောင်ထားသည့် အသင်း တသင်း ဖြစ်၏။ ကလေးတွေချည်း ဆိုတော့ ကစားအားတော့ ကောင်း၏။ မြန်၏ သွက်၏။ သို့ပေမဲ့ အတွေ့အကြုံနှင့် ပွဲဖတ်နိုင်စွမ်းမှာတော့ အားနည်းလှ၏။ ပထမပိုင်းမှာတင် ၀-၄ ဖြင့် ကျနော်တို့ အနိုင်ရထားခဲ့၏။

ဒုတိယပိုင်း ပြန်စပြီး မိနစ်ပိုင်းမှာတင် တဖက်အသင်းက ဂိုးတွေ ပြန်ရသွားခဲ့ပြီး ၃-၄ ဖြစ်သွား၏။ ကျနော်တို့၏ ပေါ့ဆမှုကြောင့်လည်း ပါ၏။ ထို့ကြောင့် ပွဲကို အာရုံပြန်စိုက်ပြီး ဖိဖိစီးစီး ကစားကြရ၏။ ပထမပွဲ ရှုံးထားသည်မို့ ဒီပွဲမှာ အမှတ် ရယူနိုင်ဖို့ လိုကို လို၏။ ၄ ဂိုး ပြတ်နေရာကနေ ကျဉ်းမြောင်းသည့် ရလဒ် ၃-၄ ဖြစ်သွားတော့ တဖက်အသင်းက အားပြန်တက်လာခဲ့၏။

Futsal သဘောတရားက အဲ့လိုပဲ။ ဝုန်းဝုန်းနဲ့လည်း ဂိုးတွေ ရသလို မြန်မြန်ဆန်ဆန်လည်း ဂိုးတွေ ပြန်ပေးရလေ့ ရှိ၏။ ပထမပွဲစဉ်မှာ မိနစ် ပိုင်းလောက်သာ ကစားခဲ့ရပေမဲ့ ဒုတိယပွဲစဉ်မှာတော့ ကျနော် မိနစ် အတော်များများ ကစားခွင့်ရခဲ့၏။ ဂိုး ဖန်တီးမှုတွေ လုပ်ပေး နိုင်ခဲ့သလို ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်ခဲ့၏။

ရယ်ရတာ တခုက ဂိုးသွင်းရင် အောင်ပွဲခံဖို့ ကင်မရာနား လာခဲ့ပါဆိုပြီး ပြိုင်ပွဲ ကျင်းပရေးမှ အကို တယောက်က ပထမပိုင်း အပြီးမှာ ပြော၏။ သို့နှင့် ကျနော်လည်း ဂိုးသွင်းပြီး ကိုယ့် ကစားဖော်တွေနား မသွားခင် ထို အကိုကို ရှာမိ၏။ မတွေ့။ ပွဲပြီးမှ တွေ့လို့ မေးတော့ အစောက ဗိုက်ဆာလို့ မနက်စာ သွားစားနေတာတဲ့။ ကောင်းရော။ ကျနော်က ငါ ဂိုးသွင်းပြီးရင် Spiderman လို အောင်ပွဲခံမယ် တွေးထားပါတယ် ဆိုမှ။ ဘာပဲ ပြောပြော အနိုင် ၃ မှတ် ရလို့ ဝမ်းသာမိပါ၏။ နောက်ပွဲတွေ အတွက်လည်း အကောင်းဆုံး ကြိုးစား ပါဦးမည်။

(photos from SFL page)

We Got 3 Points | Ecency