မနေ့က ဇလဲရွာ သွားလည်ပြီး စားသောက် အပန်းဖြေ ဖြစ်သည့် အကြောင်း ရေးဖြစ်တော့ သူ့ မင်္ဂလာဆောင်မှာ ကျွေးသည့် ထမင်းဟင်းတွေပါ သွားပြန်သတိရမိ၏။ ဝက်သား၊ ငါးသလောက်ပေါင်း၊ တိုးဖူးချက်၊ သရက်ချဥ်သုပ်၊ အကြွတ်ကြော် တို့ကို ဆေးခါးဟင်းရည်နဲ့ တွဲဖက်ထား၏။ အတော် စားကောင်း ခံတွင်းတွေ့၏။ လူပြောများ၊ လူကြိုက် အများဆုံးကတော့ ငါးသလောက် ပေါင်း ဖြစ်၏။ အလှူပွဲ၊ မင်္ဂလာ ပွဲ ဘုန်းကြီးကျောင်းမှာ လုပ်ဖြစ်သည့် ပွဲတိုင်းနီးပါး ဝက်သားဟင်းကတော့ ပါတာ များလေ့ ရှိ၏။ ဝက်သား မစားသူများ အတွက် ကြက်သား သို့မဟုတ် ငါးခြောက် ဟင်း ဖြည့်ထားပေးလေ့ ရှိ၏။
ခု မင်္ဂလာဆောင် မှာကတော့ ငါးသလောက်ပေါင်းနဲ့ပေါ့။ အတော် စားကောင်း၏။ ကျနော် တောင် ထမင်း နှစ်ပန်းကန်လောက် ကုန်၏။ စားကောင်း ကောင်းနဲ့ စားပစ်တာ အချိုပွဲအတွက် နေရာ မနည်း ချန်ထားရ၏။ ဒါပေမယ့် အချိုပွဲက နေကြာစေ့နဲ့ လက်ဖက် ပဲခြမ်းဆိုတော့ တော်သေး၏။ အမှန်တော့ ကျနော် ပိုကြိုက်တာက ရှေ့တရက်က ဟင်း ဖြစ်၏။ သတို့သား နှင့်အတူ သတို့သမီးကို ရွာမှာ သွားခေါ်ပြီး အပြန်မှာ စားသည့် ညစာ ဖြစ်၏။ ဘုန်းကြီးကျောင်းမှာပဲ စားကြခြင်း ဖြစ်၏။ နက်ဖြန် ပွဲ အတွက် ချက်ပြုတ်နေရင်း လုပ်ကိုင် ကူတွေ စားရအောင် ချက်ထားခြင်း ဖြစ်၏။
ဝက်ကလီစာ နဲ့ မုန့်ညှင်းထုပ် ဟင်းရည် ဖြစ်၏။ ဝက်ကလီစာက နူးအိနေပြီ ညှီလည်း မညှီနေပေ။ မုန့်ညှင်းဟင်းရည်က အတော်ချို၏။ မသင်္ကာလို့ မေးကြည့်တော့ ထင်သည့် အတိုင်း ဘိန်းခင်းထဲက မုန့်ညှင်း ဖြစ်နေ၏။ ထို့ကြောင့်ပင် စားချိုနေခြင်း ဖြစ်၏။ နောက်တခုကတော့ ပထမဆုံး စားဖူးသည့် ဟင်းတခွက် ဖြစ်၏။ ဝက်ဦးနှောက် ကြက်ဥ ကြော် ဖြစ်၏။ ကြက်ဥ မွှေကြော်ကိုမှ ဝက်ဦးနှောက်နဲ့ ရောမွှေကြော်ထားခြင်း ဖြစ်၏။ စိမ့်စိမ့်လေးနဲ့ စားကောင်း၏။ မြင်နေကြ ကြက်ဥမွှေကြော်တွေနဲ့တော့ မတူပေ။ အမြင်လည်း မတူ သလို အရသာလည်း မတူ။
ကျနော်တို့ သူငယ်ချင်း တသိုက်လည်း ဆာဆာနဲ့ တီးကြတော့၏။ တကယ်လည်း စားကောင်း၏။ ဗိုက်တွေတောင် အတော်လေး ပြည့်သွားခဲ့၏။ ထို့ကြောင့် တချို့ က ပွဲနေ့ဟင်းတွေထက် ပွဲ မတိုင်ခင် ဟင်းတွေက ပိုကောင်းတယ်ဟု ပြောကြခြင်း ဖြစ်မည်။ ခုစားရသည့် ဟင်းလိုမျိုးဆိုပါက ဟုတ်လိုက်လေဟု ထောက်ခံ ရပေလိမ့်မည်။