Ronaldo Effect

Words
212
Reading
1 min
Listen
Play
3d

Man United အနေဖြင့် အဝေးကွင်းမှာ Everton နဲ့ ၂-၂ သရေကျသည့် ရက်မှာပဲ Ronaldo ၏ Al Nassr အသင်းသည်လည်း Al Ittihad ကို ၂-၁ ဖြင့် ရှုံးနိမ့်သွားခဲ့၏။ Al Nassr အတွက် ဒီရာသီ ပထမဆုံး ရှုံးပွဲ ဖြစ်သွားခဲ့၏။ ဘာကြောင့်ရယ် မသိ Al Nassr အနေနဲ့ Al Ittihad နဲ့ တွေ့တိုင်း ရုန်းကန်နေရလေ့ ရှိ၏။ Kante, Benzema တို့ မရှိတော့ပေမဲ့ Al Ittihad က Al Nassr ကို ဒုက္ခ ပေးနိုင် နေဆဲပင်။

ဒီ နှစ်သင်းက တွေ့လိုက်တိုင်း အကြိတ်အနယ် ရှိပြီး ကြည့်ကောင်းလေ့ ရှိ၏။ Saudi Pro League မှာက Al Nassr, Al Ittihad, Al Hilal အဆိုပါ ၃ သင်းကသာ ချန်ပီယံဆုကို တလှည့်စီ ယူနေခဲ့ကြ၏။ ဒီနှစ် Al Hilal ၏ ကစားသမား ခေါ်ယူထားမှုက အတော်လေး အားရဖို့ ကောင်းလှ၏။ Aston Villa က Watkins, Arsenal က Martinelli တို့ကို ခေါ်ယူထား၏။ အကျအရွယ် မဟုတ်ဘဲ ကစားသမား ဘဝ အကောင်းဆုံးအချိန် အရွယ်တွေကို ခေါ်ယူထားနိုင်ခြင်း ဖြစ်၏။

အောင်မြင်မှုနဲ့ ငွေကြေးက တခါတလေ ရွေးရခက်မှုတွေကို ဖြစ်စေ၏။ တချို့တွေ အတွက်တော့ လွယ်ကောင်းလွယ်ပြီး အချို့ အတွက်တော့ ခက်ခဲပေလိမ့်မည်။ Saudi Pro League ကို Ronaldo စရောက်ပြီး နောက်မှာ အခြား နာမည်ကျော် ကစားသမားတွေလည်း တဖြည်းဖြည်း ရောက်လာခဲ့၏။ ဒါပေမဲ့ အစောပိုင်း နှစ်တွေမှာက သက်ကြီးပိုင်း ကစားသမားတွေသာ ဝင်ရောက်မှု ရှိခဲ့၏။ နောက်ပိုင်းမှာတော့ လူငယ်ခြေတက်လေးတွေပါ Saudi Pro League ဆီသို့ ရောက်ရှိလာခဲ့၏။

ကစားသမားတွေတင်လားဆို မဟုတ် နာမည်ရှိ နာမည်ကျော် နည်းပြတွေပါ Saudi Pro League ဆီသို့ ရောက်လို့လာခဲ့၏။ နိုင်ငံ ချမ်းသာတော့ ငွေသုံးနိုင်တော့ ဘာလုပ်ချင်ချင် လုပ်ပစ်လိုက်လို့ရ၏။ နာမည်ကျော် ကစားသမားတွေကြောင့် ပြိုင်ပွဲကို လူတွေ ပို၍ စိတ်ဝင်စားလာ ကြသလို ပြိုင်ပွဲ ပုံရိပ်လည်း မြင့်တက်စေသည် မဟုတ်လား။ သို့ပေမဲ့ ပြည်ပ ကစားသမား ဝင်ရောက်မှု များလာသည် နှင့်အမျှ ပြည်တွင်းကစားသမားတွေ၏ အခန်းကဏ္ဍ မှေးမှိန် သွားမှာကိုလည်း စိတ်ပူရ၏။

သူတို့နဲ့ ယှဉ်ကစားလေဟု ပြောစရာ ရှိပေမဲ့ လက်ရှိ မျိုးဆက်မှာတော့ ခဲယဉ်းနိုင်၏။ ကိုယ့် ပြည်တွင်းကစားသမားတွေလည်း နေရာတခု ရဖို့ အကယ်ဒမီမှာ လူငယ်ကစားသမားတွေကို သေချာလေး လေ့ကျင့် မွေးမြူပေးဖို့ လိုပေလိမ့်မည်။ ပြည်ပ ကစားသမားတွေနဲ့ ရင်ဘောင်တန်းနိုင်သည့် ကစားသမားကောင်းတွေ ထွက်ပေါ်လာပါက နိုင်ငံ အသင်းအတွက်လည်း အကျိုးရှိမည် မဟုတ်လား။ Ronaldo effect ကို သေချာ အကျိုးရှိရှိ အသုံးချဖို့တော့ လိုပေ လိမ့်မည်။

(photos from RSL page)