Life is Short

Words
187
Reading
1 min
Listen
Play
1y

ဒီနေ့တော့ ထုံးစံအတိုင်း ထွေရာလေးပါးပေါ့။ အစကတော့ ဂိမ်းပိုစ့် ရေးမလို့ပဲ။ ဒါပေမယ့် နေ့တိုင်းကြီးလည်း မရေးချင် ပြန်ဘူးရယ်။ မရေး ဖြစ်ပေမယ့် နေ့တိုင်းတော့ ဂိမ်းထဲ ဝင်ကြည့်ဖြစ်ပါတယ်။ ဂိမ်းပို့ချည်း နေ့တိုင်းရေးရမှာကို ပျင်းတာလည်း ပါမယ်ထင်။ အမှန်တော့ ပျင်းတာထက် မရေးချင်တာပါ။ အခြားဂိမ်းတွေပါ ဆော့ရင်တော့ နေ့တိုင်း ဂိမ်းပိုစ့်တွေပဲ ဖြစ်နေမယ် ထင်ပါရဲ့။ အမြဲ ထမင်းချည်းစားနေလို့လည်း မဖြစ်သေးဘူး။ တခါတလေလေး ခေါက်ဆွဲကြော်၊ ကြာဇံကြော် ပြောင်းစယးသင့်ရင်လည်း စားရမှာပေါ့လေ။ ကိုယ်က စားချင်နေရင်။

ဒီနှစ်အပိုင်းအခြားထဲမှာ လူတော်၊ လူတတ်၊ လူကောင်းတွေ တော်တော်များများ အပြီးတိုင် ထွက်ခွာသွားကြတယ်။ တချို့က နိုင်ငံကို စွန့်ခွာ၊ တချို့ကတော့ လူ့လောကကို စွန့်ခွာသွားကြ။ လူ့လောကကို စွန့်ခွာသွားသူတွေထဲမှာ အချိန်မတိုင်သေးဘဲ စွန့်ခွာသွားသူတွေက အတော်လေး များသား။ နှမြောတသ ဖြစ်ရသလို သံဝေဂလည်း ရပါရဲ့။

အသိပညာရှင် အတတ်ပညာရှင်တွေ များစွာထဲမှာမှ အနုပညာရှင်တွေ၊ နာမည်ကျော်တွေ ကွယ်လွန်တာ ပိုများခဲ့ပါတယ်။ ခေတ်မကောင်းတော့ လူကောင်းတွေ ခပ်စောစောပဲ စွန့်ခွာကြလေသလားပေါ့။ တဖက်က ပြန်တွေးကြည့်ပြန်တော့လည်း သူတို့ အတွက် ‌ကောင်းပါတယ်။ ဒီနိုင်ငံက လူအားလုံး နီးပါး ခံစားနေရတဲ့ စိတ်ဒုက္ခ၊ ‌ဝမ်းနည်းမှုတွေ၊ အဆင်မပြေမှုတွေကနေ လွတ်မြောက်ခွင့်ရသွားလို့ပါ။ နေချင်စဖွယ် တိုင်းပြည်ကြီး မလား။

သူတော်ကောင်းကို နတ်ကောင်းမတဲ့။ ဒီဘဝထဲမှာပဲ မ မတော့ဘဲ နောက်ထပ် ဘုံဘဝထဲကိုပဲ ဆွဲမလိုက်တယ် ထင်ပါရဲ့။ ကျန်နေခဲ့သူတွေမှာတော့ ဝမ်းနည်း သတိရ လွမ်းဆွေး စိတ်တွေနဲ့ပေါ့။ ‌သေသောသူ ကြာရင်မေ့ ဆိုပေမယ့် တချို့လူတွေက ဘယ်တော့မှ မေ့လို့ မရမယ့် လူတွေပါ။ အချိန် ကြာရင် ပူဆွေးမှုလျော့ကောင်း လျော့သွားပေမယ့် သတိရစိတ်က ပိုပြီး တိုးလာတာမျိုးလည်း ရှိနိုင်ပါရဲ့။

လောက သဘာဝ၊ တရား သဘော အရတော့ ဘယ်အရာမှ မမြဲဘူး မလား။ မမြဲခြင်း တရားသာ မြဲ၏တဲ့။ ရေမွန်တုန်းက တခါ၊ ခု ဆရာမောင်သာချိုမှာ တခါ ထပ်မံ တုန်လှုပ် ဝမ်းနည်းရပြန်၏။ ဆရာ့ နာရေးကို လိုက်ပို့သည့် ဆရာချစ်ဦးညိုနဲ့ ဆရာအော်ပီကျယ်ကို မြင်ရပြန်တော့လည်း ဝမ်းနည်း စိတ်မကောင်းဖြင့် ကိုယ်ချင်း စာမိ၏။ ဆရာတို့တွေ သူတို့ သူငယ်ချင်း၊ သူတို့ ညီငယ် အတွက် အတော်လေးကို စိတ်ထိခိုက်ကြေကွဲ နေပေလိမ့်မည်။

ဆရာမောင်သာချို၏ နာရေးကို မနေ့ 12.72025 မှာကျင်းပ၏။ ဆရာနဲ့ တရက်ထဲ ဆရာ့အရင် ပျံလွန်တော် မူသွားသည့် ရွှေညဝါ ဆရာတော်၏။ ဈာပန အခမ်းအနားကိုတော့ 16.7.2025 မှာ ကျင်းပမည် ဆို၏။ လူကောင်း၊ သူတော်ကောင်း၊ အနုပညာရှင်၊ အတတ်ပညာရှင်တွေ စောစီးစွာ ထွက်ခွာကုန်ကြသည့် အရပ်ဒေသမှာ ကျနော် နေထိုင်နေပါ၏။

(photos created by Canva)

Life is Short | Ecency