စာသင်ခန်းပြင်ပ သင်ကြားရေး

Words
154
Reading
1 min
Listen
Play
8y

2 arr 1.jpg
Images Credit - Original Source
ကလေးများအတွက် စာသင်ခန်းပြင်ပသင်ကြားရေးဟာ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့စနစ် တစ်ခု ဖြစ်ပါတယ်။ ထိုစနစ်ရဲ့အဓိပ္ပာယ်ကတော့ အလွန်ကျယ်ပြန့်ပါတယ်။ မူကြိုအရွယ်ကလေးများနဲ့ အတန်းငယ်ကလေးများမှာ ပတ်ဝန်းကျင်ဆိုင်ရာ ဗဟုသုတများရှိလာရေး၊ အသင်းအဖွဲ့စိတ်ဓာတ်ရှိရေး၊ ခေါင်းဆောင်စွမ်းရည်နဲ့ စီမံခန့်ခွဲမှုစွမ်းရည် တိုးတက်ရေး၊ လူမှုဆက်ဆံရေး တိုးတက်လာရေးနဲ့ ကလေးသဘာဝ လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားနိုင်ပြီး စွန့်စားမှုများ ပြုလုပ်နိုင်ရေးတို့အတွက် ရည်ရွယ်တဲ့စနစ် ဖြစ်ပါတယ်။ ဒီစနစ်ဟာ ကလေးငယ်တွေအတွက် အရေးပါပြီး အကျိုးကျေးဇူးများစွာလည်း ရရှိစေနိုင်ပါတယ်။ ဒီသင်ကြားရေးစနစ်ဟာ ကလေးငယ်တွေအတွက် လေ့လာသင်ကြားဖို့ လိုအပ်တဲ့ ဗဟုသုတ၊ပညာရပ်များကို ပြင်ပ ပတ်ဝန်းကျင်မှာ အရင်ဆုံး ရင်းနှီးအောင်လုပ်ထားပြီး စာသင်ခန်းထဲမှာ သင်ကြားတဲ့အခါ အထောက်အကူပြုစေတဲ့ စနစ်ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ရဲ့ အထိအတွေ့အောက်မှာ စာသင်ကြားနေမှန်းတောင် မသိဘဲ ပျော်ရွှင်မြူးတူးစွာ ပြေးလွှား၊ ဆော့ကစားနိုင်တဲ့အတွက် ယနေ့ပညာခေတ်ရဲ့ ဆိုးကျိုးဖြစ်တဲ့ ကလေးဘ၀ပျောက်ဆုံးခြင်းမှလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
2 arr 2.jpg
Images Credit - Original Source
စိတ်ဖိစီးမှုဟာ မည်သူ့အပေါ်မှာမဆို သက်ရောက်နိုင်ပြီး ကလေးငယ်တွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ မူကြိုနေကာစအရွယ် မိဘနဲ့ခွဲခွာရခြင်း၊ ကျောင်းမှာအခြားသူများနဲ့ အလိုက်သင့် အဆင်ပြေအောင် နေထိုင်ရခြင်း၊ သင်ခန်းစာများကို ကျက်မှတ်လေ့လာရခြင်းနဲ့ စိတ်အပန်းဖြေဖို့အချိန် ရှားပါးလွန်းတဲ့အခါ စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်ပါတယ်။ စာသင်ခန်းပြင်ပသင်ကြားရေးစနစ်ဟာ ထိုသို့သော အကြောင်းပြချက်များကြောင့် ကလေးတွေမှာ ဖြစ်လာမယ့် စိတ်ဖိစီးမှုတွေ၊ ဖိအားတွေကို လျှော့ချပေးမှာ ဖြစ်ပါတယ်။ ပြင်ပ၀န်းကျင်မှာ လွတ်လွတ်လပ်လပ်နဲ့ ကလေးသဘာဝအတိုင်းနေရင်း လိုအပ်တဲ့သင်ခန်းစာတွေကို သင်ယူရမှာဖြစ်လို့ စိတ်ဖိစီးမှုတွေမရှိဘဲ ရွှင်ပျတဲ့စာသင်ချိန်လေးတွေကို ရရှိနိုင်ပါတယ်။ စာသင်ခန်းပြင်ပမှာ သင်ကြားရတဲ့အခါ ပတ်ဝန်းကျင်နဲ့ ပိုမိုသဟဇာတဖြစ်လာပြီး အတန်းဖော်သူငယ်ချင်းတွေနဲ့လည်း ပိုကောင်းတဲ့ဆက်ဆံရေးကို တည်ဆောက်လာနိုင်ပါတယ်။ ဒီအခါမှာ သူတို့လေးတွေအတွက် သက်သောင့်သက်သာ ခံစားရစေပြီး စိတ်လုံခြုံမှု ပေးစွမ်းစေတဲ့အတွက် မိမိကိုယ်ကိုယုံကြည်မှု တိုးပွားလာစေနိုင်ပါတယ်။ ဒါ့အပြင် အဖွဲ့လိုက်လုပ်ဆောင်ရတာဖြစ်တာကြောင့် အသင်းအဖွဲ့နဲ့ ဘယ်လိုဟန်ချက်ညီညီ လုပ်ဆောင်ရတယ်ဆိုတဲ့အချက်ကို ငယ်ငယ်တည်းက ကောင်းစွာသိရှိနားလည်သွားနိုင်မှာလည်း ဖြစ်ပါတယ်။
သူတို့သင်ကြားရမယ့်အရာတွေကို မျက်စိနဲ့ တပ်အပ်တွေ့မြင်ပြီး သင်ယူလေ့လာရတဲ့အတွက် သင်ကြားမှုဘာသာရပ်တွေအပေါ်မှာ စိတ်ဝင်စားမှုမြင့်တက်လာပြီး ပိုမိုသိချင်စိတ်နဲ့အတူ စူးစမ်းလေ့လာလိုစိတ်တွေ မြင့်တက်လာစေပါတယ်။ ဒါ့အပြင် စာသင်ခန်းပြင်ပသင်ကြားရေးဟာ စိတ်ကူးစိတ်သန်းကောင်းများ ဖြစ်ပေါ်စေခြင်းနဲ့ အရင်းအမြစ် ရှာဖွေနိုင်ခြင်းလိုမျိုး အကျိုးကျေးဇူးတွေ ဖြစ်စေတဲ့အတွက် တီထွင်ဖန်တီးနိုင်မှုစွမ်းရည်ကိုလည်း ဖွံ့ဖြိုးစေပါတယ်။
2 arr 3.jpg
Images Credit - Original Source
မိဘများအားလုံး စွမ်းရည်ပြည့်ဝပြီး ထူးချွန်ထက်မြက်တဲ့ သားကောင်းရတနာလေးတွေ ရရှိကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

စာသင်ခန်းပြင်ပ သင်ကြားရေး | Ecency