ရှေးဟောင်းအမွေ မြန်မာ့ယွန်းထည် (၄)

Words
253
Reading
2 min
Listen
Play
8y

ကျိုင်းတုံယွန်း
ကျိုင်းတုံယွန်းမှာ ပုဂံယွန်း၊ ကျောက္ကာယွန်းတို့နှင့် မတူဘဲ တစ်မူ ထူးခြားသည်။ ယွန်းထည် အမျိုးအစားမှာ သစ်ရိုး၊ ပန်းကြွ ရွှေအစစ်ချ ယွန်းထည် ဖြစ်သည်။
kt 1.jpg
Images Credit - Original Source
ယခင်က ရှမ်းယွန်းထည် လုပ်ငန်း ဆယ်ခုခန့် ရှိသော်လည်း ယခုအခါ "ဦးဟူးလိန္ဒ ရှမ်းယွန်းထည်" လုပ်ငန်း တစ်ခုတည်းသာ ရှိတော့သည်ဟု ဆိုပါသည်။ ဘိုးစဉ်ဘောင်ဆက် နှစ်ပေါင်းရာကျော် လုပ်ကိုင်လာခဲ့သည့် လုပ်ငန်း ဖြစ်သည်။ ရှမ်းယွန်းထည်၏ ထူးခြားချက်မှာ ရွှေအစစ် အသုံးပြုခြင်း၊ ယွန်းထည်ကို အပူပေးရန် မြေတိုက်အစား ရေတိုက်ကို အသုံးပြုခြင်းတို့ ဖြစ်သည်။ အဖြူထည်၊ အနက်ထည် ယွန်းပြင်ဆင်ခြင်း စသည့် လုပ်ငန်း အစအဆုံး တစ်ဦး ပြုလုပ်ရသည်။ ဦးစွာ အဖြူထည် ပြုလုပ်ပြီး အသားသေ၊ ပိုးမထိုးနိုင်ရန် ကြပ်ခိုးစင်တွင် ငါးနှစ်မှ ရှစ်နှစ် ကြာအောင် ကြပ်တင်ရသည်။ ပြီးမှ အနက်ထည်၊ အချောထည် ဖြစ်ရန် ခြောက်လခန့် ထပ်မံ ပြုလုပ်ရသည်။ ပြုလုပ်သည့် ယွန်းထည် အမျိုးအစားမှာ ပန်းအိုး၊ ကွမ်းအစ်၊ ရေတကောင်း၊ လက်ဖက်အုပ်၊ ပန်းအမျိုးမျိုး၊ လိပ်စာကတ်ဘူး စသည်ဖြင့် အမျိုးအမည်ပေါင်း ၂၀ ခန့် ထုတ်လုပ်သည်။ ထုတ်လုပ်စဉ်က အချိန်ယူပြီး အသားသေအောင် ပြုလုပ်ထားသဖြင့် နှစ်ပေါင်း ရာချီ၍ ခံကြောင်း သိရပါသည်။
ယွန်းထည်ကုန်ကြမ်းများ
kt 2.jpg
Images Credit - Original Source
kt 3.jpg
Images Credit - Original Source
ယွန်းထည် လုပ်ငန်း၏ အဓိက ကုန်ကြမ်းမှာ သစ်စေး၊ ဝါးတို့ဖြစ်ပြီး ပုဂံ ယွန်းထည်တွင် မြင်းမြီး၊ သစ်တို့ကို အသုံးပြုသည်။ ကျိုင်းတုံယွန်းသည် ရွှေအစစ်ကို အသုံးပြုသည် ပုဂံ ကျောက္ကာ ဒေသများတွင် အမျိုးအစားနိမ့် ယွန်းထည် (ကော်ချောထည်) အတွက် ကော်၊ သင်္ဘောဆေးတို့ကို အသုံးပြုပါသည်။ အဓိက ကုန်ကြမ်း သစ်စေးတွင် ရှမ်းပြည်နယ်၊ မိုးနဲ၊ မိုးမိတ်၊ တောင်ကြီး၊ ရပ်စောက် ဒေသထွက် သစ်စေး (ရှမ်းရည်)၊ မုံရွာ၊ ရေဦးဝန်းကျင် (မောက်ကတော် ကန်းထူးမ) ဒေသထွက် သစ်စေး (ချင်းတွင်းရည်) ပျဉ်းမနား ဒေသထွက် သစ်စေး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မော်လမြိုင် ဒေသထွက် သစ်စေးဟူ၍ အမျိုးမျိုးရှိ၏။ သစ်စေးများ၏ အရည်အသွေး သတ်မှတ်ရာတွင် ၃ ရည်၊ ၃.၁ ရည်၊ ၂.၁ ရည်၊ ၁ ရည် ဟူ၍ လည်းကောင်း၊ အနက်ရည်၊ မနီမနက်၊ နီညို၊ အနီဖျော့ ဟူ၍ လည်းကောင်း ပထမ၊ ဒုတိယ၊ တတိယတန်းစား ဟူ၍ သတ်မှတ်၏။ ယင်းတို့အနက် ၃ ရည် အနက်ရည်၊ ပထမ တန်းစားတို့သည် အရည်အသွေး အကောင်းဆုံး ဖြစ်ပြီး ဈေးလည်း မြင့်သည်။ သစ်စေးထွက်ရာ ဒေသများမှ ယွန်းထည် လုပ်ငန်းရှိရာ ဒေသများသို့ လာရောက် ရောင်းချကြသည်။ ဆယ်ပိဿာဝင် ပုံးများဖြင့် ရောင်းသည်။
ယွန်းလုပ်ငန်း အများအပြား ရှိသော ပုဂံ၊ ညောင်ဦး၊ ကျောက္ကာ ဒေသများတွင် ဆယ်ပိဿာဝင် တစ်ပုံး၊ အရည်အသွေး အလိုက် ၇၀၀၀၀ ကျပ်မှ ၁၄၀၀၀၀ ကျပ်ခန့်အထိ ရှိသည်။ ယွန်းလုပ်ငန်း နည်းပါးသော ကျိုင်းတုံ ဒေသတွင်မူ လာရောက်ရောင်းချသူ မရှိဘဲ သစ်စေး ထွက်ရှိသော ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်၊ ကျိုင်းထောင်း၊ ကျိုင်းခမ်း ဒေသများသို့ သွားရောက်ဝယ်ယူရသည်။ ချက်ချင်း မရနိုင်သဖြင့် ကြိုတင် မှာယူရပြီး တစ်ပုံး ၂၀၀၀၀၀ ကျပ် ရှိသည်။ သစ်စေးကုန်ကြမ်း ဈေးကြီးမြင့်မှုကြောင့် နောက်ပိုင်းတွင် ကော်အသုံးပြု၍ တန်ဖိုးနည်း အရည်အသွေးနိမ့် ယွန်းထည်များ ထုတ်လုပ်မှုများ ရှိလာပါသည်။
kt 6.jpg
Images Credit - Original Source