ကျောက္ကာယွန်း
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နှင့် ခုနစ်မိုင်ခန့် အကွာရှိသော ကျောက္ကာရွာသည် ယွန်းထည်လုပ်ငန်းကို ရှေးယခင်ကတည်းက အဆင့်ဆင့် လက်ဆင့်ကမ်း လုပ်ကိုင်လာခဲ့ကြသော ရွာဖြစ်သည်။ ယခင်က တစ်ရွာလုံး ယွန်းလုပ်ငန်းကို နေ့မအိပ်၊ ညမအိပ် အဓိက လုပ်ကိုင်ခဲ့ကြသော်လည်း ယခုအခါ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်သူ ရှားပါးလာသောကြောင့် ကျောက္ကာယွန်းထည်တွေက ဈေးကွက် ဝင်ဆံ့နေတာကို နိုင်ငံတော် အစိုးရက အသိအမှတ်ပြုပြီး ပံ့ပိုးကူညီမှု ပေးနေသည်ဟု သိရပါသည်။ ကျောက္ကာ (မြောက်ရွာ) မှာ လုပ်ငန်းရှင် ၂ဝ ကျော်နဲ့ လုပ်သား ၅ဝ ကျော်အထိ ယွန်းထည်လုပ်ငန်းအစု အဖွဲ့တစ်ခုအဖြစ် ကျယ်ပြန့်လာပြီး အသေးစား ကုန်ထုတ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း တစ်ဖက်တစ်လမ်းကနေ လုပ်ဆောင်နေပါသည်။
ကျောက္ကာယွန်းထည်ကို အမှတ်တရ အလှပြပစ္စည်းနဲ့ အသုံးပြုရတဲ့ပစ္စည်းအဖြစ် နှစ်မျိုးနှစ်စား ထုတ်လုပ်နေပြီး တခြားယွန်းထည်လုပ်နေတဲ့ ဒေသတွေနဲ့မတူဘဲ ကိုယ်ပိုင်ဟန်နဲ့ ထုတ်လုပ်နေတာမို့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ စိတ်ဝင်စားပြီး ကြိုက်နှစ်သက်မှု တိုးမြင့်လာသည်ဟု သိရပါသည်။
ကျောက္ကာယွန်းထည် ထုတ်လုပ်ဖို့ ကုန်ကြမ်းဖြစ်တဲ့ မယ်တင်ခဝါး၊ ကျွန်းလွှစာမှုန့်၊ သစ်စေး၊ ဟင်္သာပြဒါး၊ ရောင်စုံဆေးမှုန့်၊ ဒစ္စကိုရွှေ၊ ကော်ပတ်နဲ့ သင်္ဘောဆေးတွေကို အသုံးပြုပြီး ဆွမ်းအုပ်၊ မင်္ဂလာပွဲပြင်အုပ်၊ ဆွမ်းတော်တင်မိုက်ဆိုင်အုပ်၊ တိုးနယားခြေ မိုက်ဆိုင်အုပ်၊ ကွမ်းတောင်ကိုင် လက်ပွေ့အုပ်၊ လက်ဖက်အုပ်၊ စားပွဲတင် ကွမ်းအစ်၊ ထမင်းချိုင့်၊ ရေခွက်၊ ရေမှုတ်၊ ဗျပ်အမျိုးမျိုး၊ သုံးချောင်းထောက် ဒေါင်းလန်း၊ ဒေါက်အစုံပါ ယွန်းပန်းချီကား၊ စီးကရက်ဘူး၊ ပြာခွက်၊ စားပွဲတင် တစ်ရှူးစက္ကူဘူး၊ ဆန်ကော၊ ပြည်တောင်း၊ သောက်ရေအိုး အဖုံး၊ ဇီးကွက်ရုပ်၊ သုံးဆင့်ချိုင့်နဲ့ ကလေးကစားစရာ ယွန်းထည်ပစ္စည်းတွေအထိ အမျိုးပေါင်းများစွာ ထုတ်လုပ်လျက် ရှိပါသည်။
ကျောက္ကာယွန်းမှာ အနီဗြောင်ယွန်း များသည်။ ကျောက္ကာတောင်ရွာမှ အဖြူထည် ထုတ်လုပ်ကြပြီး ကျောက္ကာမြောက်ရွာမှ အနက်ထည် အချောထည်အထိ ထုတ်လုပ်သည်။ တစ်ဦးတည်းမှ အစအဆုံး ထုတ်လုပ်သူ မရှိဟု သိရသည်။ ကျောက္ကာ ယွန်းထည် ပစ္စည်းတစ်ခု ပြုလုပ်ဖို့ အစမှအဆုံးထိ အနည်းဆုံး အဆင့် ၁၃ ဆင့် ရှိသလို အဲဒီယွန်းထည်တွေ လုပ်ဖို့ လုပ်သား ၁၃ ဦး လိုအပ်ပါသည်။ ယွန်းထည်ပစ္စည်း ဘယ်အရွယ်အစား မျိုးကိုမဆို ထုတ်လုပ်မှုက အနည်းဆုံး ခြောက်လ၊ ရှစ်လကနေ တစ်နှစ်အထိ ရှိပါသည်။
ဒါကြောင့် တန်ဖိုးမြှင့်ပစ္စည်း အမျိုးအစားတွေကို အော်ဒါမှာမှသာ ကြိုတင်ထုတ်လုပ်ပြီး သာမန် ယွန်းထည် ကုန်ပစ္စည်းတွေကိုတော့ ပုံမှန်ထုတ်လုပ်မှုရှိပါသည်။ ထို့အပြင် ယွန်းထည်မှာ အတုအစစ်ရှိပါသည်။ အတုကတော့ ကော်နဲ့လုပ်ခြင်းဖြစ်ပါသည်။ ယွန်းထည် ဝယ်လျှင်လည်း အတုကို သတိထားဝယ်ဖို့ အထူး လိုအပ်ပါသည်။
ဆက်လက်ဖေါ်ပြပါမည်
@steemitarrman
photo - google images