မြန်မာနိုင်ငံမှာ ယွန်းလုပ်ငန်းကို ရှေးခေတ် ကတည်းက မုံရွာ ကျောက္ကာရွာ၊ ပုဂံမှာရှိတဲ့ မြင်းကပါရွာ၊ ပုဂံမြို့သစ်၊ စလေ၊ ကျိုင်းတုံ ဒေသများမှာ လုပ်ကိုင်ခဲ့ ကြသည်ဟု သိရပါသည်။ ယခုအခါ မြန်မာ့ယွန်းထည်လုပ်ငန်းတွင် ပုဂံ မြင်းကပါယွန်း၊ မုံရွာ ကျောက္ကာယွန်းနှင့် ကျိုင်းတုံယွန်းတို့မှာ ထွန်းကားတိုးတက် နေပါသည်။ မြန်မာ့ ယွန်းထည် ပစ္စည်းများကို အများဆုံး ၀ယ်ယူသူများသည် နိုင်ငံခြားသား ဧည့်သည်များ ဖြစ်သည့်အတွက် နိုင်ငံခြားသား ဧည့်သည် ၀င်ရောက်မှုနဲ့ ယွန်းထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုသည် တိုက်ရိုက် ဆက်နွှယ်နေပါသည်။
မြင်းကပါယွန်း
ဘိုးစဉ်ဘောင်ဆက် ကတည်းက ပုဂံဒေသမှာ နေထိုင်ကြသူများ၏ ၇၀ ရာခိုင်နှုန်းသည် ယွန်းပညာကို ငယ်စဉ် ကလေးဘ၀ ကတည်းက သင်ယူတတ်မြောက်ထားကြပြီး ယွန်းလုပ်ငန်းကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းတခု အဖြစ် လုပ်ကိုင်နေကြတာဖြစ်ပြီး မြင်းကပါ တရွာလုံးမှာဆိုလျှင် အိမ်တိုင်းစေ့ ယွန်းထည်လုပ်ငန်း လုပ်ကိုင်ကြသည်အတွက် ကလေးကအစ ထိုပညာကို တတ်မြောက် လုပ်ကိုင်နေကြသည်ဟု သိရပါသည်။ ထို့ပြင် ပုဂံမြို့သစ်၊ ညောင်ဦး၊ တောင်ဘီရွာ၊ ဝက်ကြီးအင်းရွာ တို့၌လည်း ယွန်းထည်လုပ်ငန်းကို အများအပြားလုပ်ကိုင်ကြပါသည်။
ယွန်းထည်များတွင် ယွန်းစစ်၊ ရွှေစကားဝါယွန်း၊ ဂျပန်ယွန်း၊ သရိုးပန်းယွန်း၊ ကြေးထန်ဖူးယွန်း စသည်ဖြင့် ယွန်းအမျိုးအမည်များ ရှိကြောင်း၊ အဆိုပါ ယွန်းများကို မယ်တင်ခ ၀ါးဖြင့် ယက်လုပ်ပြီး၊ ယက်လုပ်ထားသည့် အထည်များကို သစ်စေးနဲ့ ရှစ်ထပ် အထပ်ထပ် မွမ်းမံရပြီး မြေတိုက်ထဲမှာ ၁ နှစ်နီးပါး အချိန်ယူ အခြောက်ခံရပြီးမှ အရည်အသွေးကောင်း ယွန်းထည်များ ရရှိကြောင်း သိရပါသည်။
ထုတ်လုပ်သော ပစ္စည်းများမှာ ဆွမ်းအုပ်၊ ကွမ်းအစ်၊ ရေခွက်။ ပန်းကန်ပြား၊ လက်ဖက်အုပ်၊ ဘူးခွက်၊ ဘီရိုအထိ အမျိုးအမည် စုံလှ၏။ လုပ်ငန်း အများစုမှာ အဖြူထည် အကြမ်းထည်ကို ကိုယ်တိုင် လုပ်ကိုင်ခြင်း မရှိဘဲ နီးစပ်ရာ အပ်နှံ ဆောင်ရွက်ခိုင်းပြီး အနက်ထည်အပိုင်း ယွန်းဆင်ခြင်း၊ ယွန်းခွဲခြင်းများကို ပြင်ပသို့ ပုတ်ပြတ်အပ်နှံ ဆောင်ရွက်ခြင်းများလည်း ရှိသည်။ အဖြူထည်ကို မြင်ကပါရွာ၊ မိုးနက်ကုန်း ရွာများတွင် အများဆုံး ပြုလုပ်ကြပြီး သစ်သား ပွတ်ထည်များကို မြင်းကပါရွာနှင့် တောင်ဘီရွာများတွင် ပြုလုပ်ကြသည်။ တောင်ဘီရွာသည် အနက်ထည် လုပ်ကိုင်ခြင်း မရှိဘဲ ယွန်းကို အခြေခံသည့် သစ်သား အဖြူထည်ကို အများဆုံး ပြုလုပ်သည့် သစ်သား အခြေခံ ဗန်းများ၊ ပွတ်ထည်များ၊ သေတ္တာများ၊ ပရိဘောဂများကို ပြုလုပ်ပေးသည်။
ပုဂံမြို့သစ်၌ ယွန်းထည် လုပ်ငန်းသည် ဈေးနှုန်းမြင့်သော အဆင့်မြင့် ယွန်းထည်များကို ဦးစားပေး ထုတ်လုပ်သည့် ရိုးရာယွန်းထည်ကို ထိန်းသိမ်းသလို ခေတ်မီယွန်းထည် ထုတ်လုပ်မှုလည်း ရှိသည်။ ရှေးနည်းများ ဖြစ်သော ရှောက်ယွန်း၊ တို့ယွန်း၊ ချူလှည့်ယွန်း ပညာများကို မပျောက်မပျက်အောင် ထိန်းသိမ်းထားနိုင်သော ပညာရှင် တစ်ဦးစ၊ နှစ်ဦးစသာ ရှိတော့ကြောင်း သိရသည်။ အဆိုပါ ယွန်းလက်ရာ ဒီဇိုင်းများကို မြင်းကပါ၌ ပြုလုပ်သည့် ယွန်းထည် အချို့မှာသာ တွေ့ရတော့သည်။ အမြင် လွယ်သလောက် ရေထိုးရာတွ အထူး ကျွမ်းကျင်ရန် လိုအပ်သောပညာ ဖြစ်သည်။ ယွန်းထည်တွင် သစ်စေးဖြင့် ထုတ်လုပ်သည့် အရည်အသွေးမြင့် အထည်များ ထုတ်လုပ်သလို နောက်ပိုင်းတွင် ဈေးကွက် အခြေအနေအရ ATM ကော်၊ ပန်ဒါကော်များ အသုံးပြု ထုတ်လုပ်သည့် အရည်အသွေး နိမ့်သော ချောထည်များ ထုတ်လုပ်သည်။
ဆက်လက်ဖေါ်ပြပါမည်
@steemitarrman
Photo google images