ကိုဗစ်ကာလမှာ ရှားပါးသူများရှိသလို၊ စားနိုင်
သောက်နိုင်သူများလည်း ရှိသည်။ အလယ်
အလတ်များလည်းရှိသည်။ ထိုအလယ်အလတ်
များတွင် ကျွန်တော်တို့ ဝန်ထမ်းလူတန်းစားများ
ပါဝင်သည်။ ယခု ကိုဗစ်ရောဂါ ကပ်ဆိုးကာလမှာ
အစိုးရမှ လစာနှစ်ဆထုတ်ချေးငှားပေးသည်။
ထိုကြောင့် ဝန်ထမ်းလူတန်းစားများ အနေအစား
ချောင်လည်ကြသည်။
ဟုတ်ကဲ့ လစာ ၂ဆ ထုတ်ချေးငှားပေးသည်နှင့်
ပတ်သက်၍ ရေးစရာလေးရခဲ့သည်။ ကျွန်တော်တို့
မီးရထားဌာနမှာ ဌာနကြီး သုံးခုရှိသည်။
မြို့ပြ
စက်မှု
ပို့ဆောင်ရေး ဌာနများဖြစ်သည်။
အဆိုပါဌာနများသည် လူဦးရေ များပြားသည်။
လစာ၂ဆ ထုတ်ပေးရာတွင် သူ့ဌာန ကိုယ့်ဌာ
ပထမဦးစွာရရှိရေး ဝန်ထမ်းအချို့က ပြိုင်ဆိုင်
ကြပေသည်။ အထူးသဖြင့် ဝန်ထမ်း၏မိန်းမများက
ပိုပိုသာသာရှိလှသည်။ ကျွန်တော့် မြို့ပြဌာနက
ပိုဆိုးပေသည်။ မြို့ပြလက်အောက်ရှိ
လမ်းဗိုလ်ကြီးရုံးနှင့်
လုပ်ငန်းအုပ်ကြီးရုံးဟူ၍ နှစ်ရုံး ရှိသည်။
အခြားရုံးတွေတော့ မဖော်ပြတော့ပါဘူး။
ထိုရုံးမှ ဝန်ထမ်းများကလည်း အပြိုင်အဆိုင်
သူ့ထက်ငါအရင်ဦးအောင်ထုတ်ကြသည်။
အိမ်ရှိ မိန်းမတို့အား မျက်နှာလုပ်ကြသည်။
အဲ မျက်နှာလုပ်တယ်ဆိုတာ လခ ၂ဆ ရတဲ့ငွေနဲ့
မိန်းမကို မျက်နှာအားရ ပေးကြတာကိုပြောတာ။
လာပြန်ပြီ မျက်နှာအားရ တဲ့။
အတော်ရှုပ်သွားလား မြန်မာစကား။
ရတဲ့ငွေနဲ့ မိန်းမကို ဖားတာ။
ဟာ လာပြန်ပြီး နောက်တစ်မျိုး ဖား တာတဲ့။
တော်ပြီ မြန်မာစကား ဂလောက်နဲ့ ရပ်ကြစို့။
အဲ အဲ့မှာ လမ်းဗိုလ်ကြီးရုံးက သံလမ်းလုပ်သားနဲ့
ဂိတ်တံခါးစောင့်လုပ်သားများကို ငွေပေးတဲ့အခါ
ပြဿနာတက်ပါလေတော့သည်။ ဂိတ်တံခါးစောင့်
ဆိုတာ ဟိုဗျာ ခင်ဗျားတို့ ရထားစီးဖူးကြတယ်မို့လား။
ရထားလမ်းနဲ့ ကားလမ်းဆုံတဲ့နေရာမှာ
ရထားလာရင် ကားလမ်းမှာ တံခါးပိတ်ရတဲ့သူကို
ခေါ်တာ။ သိပြီနော် အဲ အဲ့ဂိတ်တံခါးစောင့်တို့
သံလမ်းလုပ်သားတို့ဆိုတာ များသောအားဖြင့်
အတန်းပညာမရှိကြဘူး။
အခုသူတို့ကို လခ ၂ဆပေးတဲ့အခါ သူတို့ရဲ့
မူရင်းလစာကို 2ဆပေးတာ။ လုပ်သားတစ်ဦး
မူရင်းလစာက 144000 ကျပ်၊ 2ဆဆိုတော့
288000 ကျပ်ရကြတာပ။ နှစ်တိုးမပါဘူး။
နှစ်တိုးရပြီး လုပ်သက်များတဲ့သူနဲ့ ယခုမှ
အလုပ်ဝင်လာသူနဲ့ ငွေရတာချင်းတူနေသောအခါ
ပြဿနာရှာပါလေသည်။
ဦးမြတို့ သားမက်၊ ယောက္ခမက ပိုဆိုးသည်။
ဦးမြက သူ့မိန်းမကို ကြွားခဲ့သည်။
"နင့်သားမက်ထက် ငါ့ကငွေပိုရမှာ
ငါက နှစ်တိုးကုန်ပြီး ဂိတ်ဆုံးဆိုတော့
လခက 154000 ကျပ် 2ဆဆုတော့
308000ကျပ်ရမှာ"
မိန်းမကို ကြွားခဲ့သမျှ ရုံးရောက်မှ ရတဲ့ငွေက
သားမက်နဲ့ အတူတူဆိုတော့ ကိုမြတို့
လစာပေးစာရေးကို ရစ် ပါလေတော့သည်။
အဲ ရစ် တယ်ဆိုတာကလည်း အငေါ့တူးတာ၊
အဲ အငေါ့တူးတာက စကားနာထိုးတာ၊
အဲ စကားနာ ထိုးတယ်ဆိုတာက
ဟာ သိတော့ဘူးဗျာ ခင်ဗျာတို့ဖာသာ
ခင်ဗျာတို့ ဘာသာပြန်ကြပေတော့။