စာရေးဖို့၊ ပိုစ့်တင်ဖို့ လက်ကလေးကို ပြန်သွက်
စေရသည်။ လက်သွက်အောင်လည်း Hive ဈေးက
ပြားငါးဆယ်သို့ ရောက်ပေသည်။ လေးလပိုင်း
ရောက်ပါမူ တဒေါ်လာရောက်ပေမည်လားမသိ။
ရေးစရာ ကုန်ကြမ်းက ရှိပါသော်လည်း
စာရေးဖို့က အပျင်းထူနေသည်။ အိမ်လေးတလုံး
ဆောက်ပြီးသော်လည်း နောက်ဆက်တွဲများက
မပြုလုပ်ရသေးပေ။ အိမ် စ ဆောက်စဉ်က
ခြံနှစ်ခြံကြားရှိ သရက်ပင်ကြီးကို ခုတ်ရသည်။
အိမ်ခေါင်မိုးနှင့် မလွတ်ကင်းသော သရက်ကိုင်းများကို
ခုတ်ရသည်။
ထိုသို့ခုတ်သည့်အခါ သစ်ပင်အကိုင်း အဖျားကို
ခုတ်ခ ခြောက်သောင်းတောင်းသည်။ ငွေခြောက်
သောင်းများ၍ လျော့ပါအုံးဟုပြောရသည်။
ထိုသရက်ပင်က တဖက်ခြံမှ မူလပိုင်ရှင်
အဒေါ်ကြီးက ခြံနှစ်ခြံကြား စည်းရိုးအဖြစ်
စိုက်သွားခဲ့သည်။ ထိုသရက်ပင်က အသီးသည်
အသီးငယ် သရက်ကင်းအရွယ်ကလည်း
စားကောင်းသည်။ အရွယ်ကြီး၍ မှဲ့လာသည့်
အခါမှာလည်း စားကောင်းသည်။
ထိုကြောင့် ဟိုဖက် ဒီဖက်နှစ်အိမ် သရက်သီး
စားရသည်။ သရက်ပင်စိုက်သူများက ခြံဝင်းကို
ရောင်းချသွားသည်။ နောက်ဝယ်သူက ခြံကို
အိမ်ငှားထားသည်။ သရက်ပင်စည်က နှစ်ခွဖြစ်သည်။
ကျွန်တော်တို့ခြံဖက်သို့ သရက်ပင်စည်
တခုက ရောက်ရှိသည်။ အိမ်ဆောက်သည့်အခါ
ထိုသရက်ပင်စည်ရှိ အကိုင်းများနှင့် မလွတ်ပေ။
မလွတ်သော ကိုင်းများကို ခုတ်ရလေသည်။
အိမ်တိုင်ထောင်၍ ဆောက်သည့်အခါမှာလည်း
ထိုသရက်ပင်စည်နှင့် မလွတ်ကင်းဖြစ်ပြန်သည်။
ထိုကြောင့် သရက်ပင်ကို နှစ်ခါခုတ်ဖြစ်ရသည်။
သရက်ပင်ကို ငွေပေး၍ခုတ်သည့်နေ့တွင်
အရှေ့ဖက်ဘေးခြံရှိ သစ်ပင်ခြောက်ကို
ခုတ်နေသူများကိုတွေ့ရသည်။
ထိုအပင်ခြောက်ခုတ်သူများက အပင်ခုတ်ခ
မယူပေ။ ခုတ်သည့်သစ်ပင်ကို ထင်းအဖြစ်
အသုံးပြုခြင်းဖြစ်သည်။ တရက်ကလေး
နောက်ကျသွားသည်။ ထို ထင်းခုတ်သူများကို
စောစောတွေ့ပါမူ သရက်ပင်ခုတ်ခငွေ ကုန်
မည်မဟုတ်တော့ပေ။
အပင်တပင်ဖြစ်ဖို့ နှစ်ရှည်စွာ စောင့်စားခဲ့ရသည်။
သစ်တပင်ခုတ်ဖို့က မိနစ်အနည်းငယ်သာ
ကြာပေသည်။ ခုတ်လှဲခဲ့သော သရက်ပင်ကြီးမှာ သရက်ပွင့်နှင့် သရက်ကင်းလေးများ အစီအရီ
ထွက်ရှိနေပေသည်။ အရိပ်လည်းရ အသီးပါ
စားခဲ့ရသော သရက်ပင်ကြီးကို အိမ်နှင့်
မလွတ်၍ ခုတ်ခဲ့ရသော်လည်း နှမြောမိသည်။
ကျန်နေခဲ့သော သရက်ပင်စည်က အကိုင်းအခက်
အရွက်တို့ အနည်းငယ်သာရှိပေသည်။
မိုးရာသီရောက်လျှင် သရက်ပင် တပင်တော့ လွတ်ကင်းသည့်
နေရာမှာ စိုက်ပျိုးရပေအုံးမည်။
@htwegyi
March 12, 2024