နံနက်လေးနာရီ အချိန်တွင် လားရှိုးရထားဖြင့်
စတုတ္ထလွန်းထိုးဘူတာသို့ ခရီးစခဲ့သည်။
စတုတ္ထလွန်းထိုးဘူတာသည် ရှမ်းပြည်နယ်
မြောက်ပိုင်း မန္တလေး-လားရှိူးရထားလမ်းပေါ်တွင်
ရှိသည်။ ရထားတွဲပေါ်တက်သည့်အခါ
ရထားစီးသူဦးရေက အလွန်နည်းလှသည်။
ရထားတွဲ တစ်တွဲတွင်ရှိသည့် ခရီးသည်မှာ
3 4 5 ဦးသာပါသည်။ လာရှိုးရထားတွဲဆိုင်းသည် စုစုပေါင်း၃တွဲသာပါရှိသည်။
ရိုးရိုးတန်းနှစ်တွဲနှင့် အထက်တန်းတွဲ တစ်တွဲသာ
ပါရှိသည်။ ရထားစက်ခေါင်းနောက်၌ ရိုးရိုးတန်း၊
ထိုနောက် အထက်တန်းတွဲနှင့် ရိုးရိုးတန်း
နောက်တစ်တွဲပါရှိသည်။ နောက်ဆုံးတွဲသည်က
ဂတ်ဗိုလ် (ရထားထိန်း)တွဲဖြစ်သည်။
ပြင်ဦးလွင်ဘူတာရောက်မှသာ အထက်တန်းတွဲ
သုံးတွဲ ထပ်မံချိတ်ဆက်သည်။ ကျွန်တော်တို့
အဖွဲ့သည်စတုတ္ထလွန်းထိုးဘူတာရောက်သည့်အခါ
မနက် 6 နာရီ အလင်းရောင်မလာမှီ ရောက်
ရှိကြသည်။ သံဃာတော်များအား
နေ့ဆွမ်းကပ်ပြီးမည်ဖြစ်၍ အချိန်အားသည်။
ထိုကြောင့် စတုတ္ထလွန်ထိုးဘူတာ အနီး
ပတ်ဝန်းကျင်အား လှည့်လည်ကြည့်ရှုကြသည်။
လှည့်လည်ကြည့်ရှုသည့်ထက် ဖုန်းဖြင့်
ဓာတ်ပုံရိုက်ကြသည်မှာ ပိုမှန်ပေမည်။
စတုတ္ထလွန်ထိုးဘူတာအောက်တွင်
ရထားလှိုင်ခေါင်းတခုရှိသည် ထိုလှိုင်ဂူမှ
ဖြတ်၍ ရထားများသည် စတုတ္ထလွန်ထိုး
ဘူတာသို့ရောက်ရှိသည်။
စတုတ္ထလွန်ထိုးဘူတာမှ လှမ်းမျှော်ကြည့်သည့်
အခါ ဟိုးခပ်ဝေးဝေးမှ ရထားလှိုင်ဂူတစ်ခုကို
တွေ့မြင်ရသည်။ ဘူတာမှ လားရှိုးဘက်သို့သွား
သည့် ရထားလမ်းအတိုင်း အနည်းငယ်လျှောက်
သွားသည့်အခါ လှိုင်ဂူနှစ်ခုကိုတွေ့ရသည်။
ထိုလှိုင်ဂူတွင် ဓာတ်ပုံရိုက်ကြသည်။
ထိုလှိုင်ဂူသွားရာ လမ်းတလျှောက်ရှိ
ရထားသံလမ်းများအကြားတွင် သဲများထည့်ထား
သည်ကို တွေ့ရသည်။ ထိုသို့ သဲများ
သံလမ်းကြားတွင် ထည့်ရခြင်းမှာ
တောင်ပေါ်မှဆင်းလာသည့် ရထားတွဲများ
အရှိန်မထိမ်းနိုင်ပါက ထို သဲလမ်းများအတွင်သို့
လမ်းလွှဲပေးရသည်။ သို့မှသာ ရထားဘီးများကို
သဲများက ထိန်းထားကာ ရပ်တန့်နိုင်ပေသည်။
ရထားအန္တရာယ်ကင်းပေမည်။