နည်းပညာခေတ်ကြီးမှာ ကိုယ်တွေ မသိတာက
အများသား။ အဲ့သဟာကြီးကို အမှီလိုက်ဖို့ မပြောပါနဲ့
သူ့အမြီးကိုပင် မြင်ရအောင်ပင် မနည်းအပြေးတပိုင်း
လိုက်ပြီး ကြည့်နေရပါသည်။ နည်းပညာတိုးတက်
လာသည်နှင့် ယခုခေတ် ကလေးများ၏ ဥာဏ်ရည်
ဉာဏ်သွေးများလည်း တိုးတက်လာသည်။
ကောင်းတာ ရှိသလို ဆိုးတာလည်း ရှိသည်။
အကောင်းအဆိုးက ဒွန်တွဲနေတတ်တာမလား။
မနေ့ ညနေက တူမသည် သူ့တပည့်နှစ်ဦးကို
စာပြနေသည်။ မိန်းခလေးက တစ်တန်းဖြစ်ပြီး
ယောင်္ကျားလေးက သုံးတန်းကျောင်းသားဖြစ်သည်။
ယခုခေတ် သူရို့ပညာရေးအခေါ် ဂရိတ်ဝမ်းနဲ့
ဂရိတ်သရီးများ ဖြစ်ကြသည်။ တပည့်ကျော်နှစ်ဦးကို
စာသင်နေရင်း ငလျင်လှုပ်သွားသည်။ သူရို့
စာသင်နေသည့်အနီး ကျွန်တော်လည်းရှိသည်။
ပထမ ငလျင်လှုပ်မှန်းမသိပေ။ တယောက်ယောက်က
ခြေထောက်လှုပ်၍ လှုပ်နေသည်ဟု ထင်သည်။
နောက်မှ အမက ငလျင်လှုပ်နေတာဟုပြောသည်။
ငလျင်လှုပ်တာဟု ပြောမှ ကလေးများကလည်း
အယ် လှုပ်သွားတာ ဟုတ်တယ်ဟုပြောသည်။
ကလေးများကလည်း သူရို့စာ သူရို့ကုန်းပြီး
ရေးကြသဖြင့် သတိမထားမိလိုက်ပေ။ ငလျင်
လှုပ်သည်ဟု သိကြသောအခါ ကလေးများပီပီ
စကားပြောကြပါလေသည်။
"ဟိုတခါက ငလျင်လှုပ်တာကြီးက ကြောက်စရာ
ကောင်းတယ်နော်၊ လူတွေလည်း သေကြတယ်
လို့ပြောတယ်"
"ဟုတ်တယ် ငါတို့အမေရဲ့ ဆိုင်နားမှာရှိတဲ့
တိုက်အိမ်က ပြိုကျတာ လူတွေသေတယ်တဲ့"
"ဟယ် ဟုတ်လား ကြောက်စရာကြီနော်"
"ဆေးရုံမှာ လူနာတွေ အများကြီးဖြစ်သွားတာတဲ့။
ဟေ့ လီလီ နင်ဆရာဝန်မလုပ်ရင် လူနာတွေ
အများကြီဆို နင်မကုနိုင်ပဲဖြစ်နေမှာ"
"ဟင့်အင် ငါက ပိုက်ဆံပေးတဲ့ လူနာပဲကုမှာ"
"ဟ ဒါဆို ပိုက်ဆံမပါတဲ့ လူနာဆိုရင် နင်က
မကုဘူးပေါ့"
"မကုဘူးလေ"
"ဒါဆို နင်မကုရင် သေသွားမှာပေါ့"
"သေလည်း မတတ်နိုင်ဘူး"
"ဟင် နင် လူနာသေရင် နင်ကို ရဲတွေကဖမ်းမှာပေါ့"
"ဘာလို့ ဖမ်းရမှာလဲ။ သူက ပိုက်ဆံမပေးလို့
ငါက မကုတာလေ။ သူ့ဟာသူ သေတာပေါ့။
ငါနဲ့မှ မဆိုင်တာ။ တော်ပြီ ဆရာဝန်
မလုပ်ချင်တော့ဘူး။ ရှုပ်တာ အမေ့ပြောတဲ့
စာရေးမဆိုလား၊ စီးပွားရေးသမားဆိုလာ
အဲ့တာပဲ လုပ်မယ်။ အဲ့တာကမှ ပိုက်ဆံတွေ
အများကြီးရမှာတဲ့"
ကလေးနှစ်ဦး ဖော်ပြပါအတိုင်း အချီအချပြော
နေသည်ကို ကြားရသော တူမနှင့် ကျွန်တော်သည် ပါးစပ်များ အဟောင်းသာနှင့် တဦးမျက်နှာ တဦးကြည့်ကာ မျက်လုံးများ
ပြူးကြပါတော့သည်။
@htwegyi
January 16, 2026