အပြင်မှာ မိုးဖွဲဖွဲရွာနေသည်။ ကောင်းကင်က မိုးသား
မဲမဲများနဲ့ပြည့်နေသည်။ မနက်ခင်းကတည်းက
ကောင်းကင်က မကြည်လင်။ မိုးတိမ်သားများက
နေရောင်ကို မမြင်ရအောင် ကာကွယ်ထားသည်။
မိုးက ရွာမလိုလို မရွာချင်သလိုလိုနဲ့ နေ့လယ်
ထမင်းစားအပြီးမှာတော့ အနည်းငယ်သဲလာသည်။
မိုးရွာတော့ မိုးပေါက်များနှင့် သစ်ပင်များက
စိမ်းစိုတောက်ပနေသည်။ အပင်များကို ကြည့်ရ
သည်မှာ မျက်စိအေးမြလှပေသည်။
ကျွန်တော့်အကို တာယာပွကြီးကတော့ မိုးအေးအေး
မှာ စောစီးစွာ ယမကာဖြင့် စည်းစိမ်ယစ်နေသည်။
သူက ယမကာထွေလာပါလျှင် လူတကာကို ရစ်တတ်
သလို သူဖတ်ခဲ့ မှတ်ခဲ့သောအရာများကို ပြန်လည်
ပြောနေတတ်သည်။ တာယာပွကြီးက အလုပ်ကြမ်း
လုပ်ရသူပီပီ အငံကြိုက်နှစ်သက်သည်။ သူ ထမင်းစား
သည့်အခါ အငံတခုခုပါရသည်။ ငပိကြော်၊ ငပိထောင်း၊
ငါးခြောက်ကြော်၊ ငါးခြောက်ချက်၊ ငပိတစ်ချက်များ
နဲ့ဆိုပါမူ ခေါင်းမဖော်တမ်းစားလေသည်။
တာယာပွကြီးက အငံကြိုက်သလို အစပ်လည်း
ကြိုက်ပေသည်။ ထမင်းစားတိုင်း အစပ်မပါရင်
ငရုပ်သီးစိမ်းများကို ဆားဖြင့်တို့၍ စားတတ်သည်။
ယမကာမီဝဲပေသည့် သူက ထမင်းစားတိုင်း
အသီးအရွက်တမျိုးမျိုးဖြင့် စားသည်။ သို့မှ
ကျန်းမာရေးနှင့် ညီညွတ်သည်ဟု ပြောတတ်သည်။
တဖန် အရက်သမားတွေအတွက် အသည်းက
စကားပြောသည်ဟု ဆိုကာ ဆေးဘက်ဝင်
အရွက်များကိုလည်း စားတတ်သေးသည်။
ခြံဝင်းအနီးရှိ ရဲယိုရွက်၊ ကတက်ရွက်၊
သင်္ဘောရွက်နှင့် မဲဇလီရွက်အညွန့်များကို
ရေနွေးဖျော၍ အငံနှင့်ရောစားတတ်ပေသည်။
ထိုအရွက်များက အသည်းအတွက်
ကောင်းသည်ဟု ပြောကာစားသည်။
တာယာပွကြီး အရက်သောက်သည်မှာ မသောက်ရသည့်
အခါများမှာ သုံးလေးရက် မသောက်ပဲ နေနိုင်သည်။
အဲ သောက်ပြီးဆိုသည့်အခါမှာတော့ အိမ်ကို
လေးဘက်ထောက်ပြီး ပြန်လာရအောင်လည်း
သောက်နိုင်ပေသည်။ အမက နင်ဟယ် မသောက်ပဲ
လည်း နေနိုင်ပါလျှက် ဘာလို့ သောက်နေတာလဲဟု
ပြောသည်။ အမ နင်မသိပါဘူး ငါက ကြိုက်လို့
သောက်တာပေါ့ဟာ။ ထမင်းမစားရရင် နေနိုင်တယ်။
မသောက်ရရင်တော့ မနေနိုင်ဘူး။
"ဟဲ့ နင်က အရက်သောက်ချင်လို့ ပြောတာပါ"
"အရက်လည်းသောက်၊ ထမင်းလည်းစားပါတယ်"
"နင် ထမင်းမစားပဲ မနေနိုင်ပါဘူး။ ပေါက်ကရ
လာမပြောနဲ့။ အရက်မသောက်တဲ့ နေ့တာရှိတာ။
နင် ထမင်းမစားတဲ့နေ့ဖြင့် မရှိပေါင်"
"အမ နင် အဲ့တာပြောတာပေါ့ ။ နေရာတကာ
သိတိုင်း တတ်တိုင်း ပြောတာ ကောင်းတာမဟုတ်ဘူး။
နင် တော်တော့၊ တော်လိုက်တော့"
"ဟဲ့ ငါ့က မှန်တာပြောတာပဲ။ မှန်တာပြောတော့
နာတာပေါ့"
"သွား သွား သွားလိုက်တော့ အမရေ။
နင့် အမှန်တရားကြီးကြောင့်
မိုးအေးအေးနဲ့ ငါ့ ရေချိန်လေး
ဘယ်ရောက်သွားပါလိမ့်။ ကမ်းအွန်
ဟေ့ ခွန်မောင်း ခွန်မောင်း၊ လာခဲ့"
မိုးအေးအေးမှာ စနေမောင်နှမ နှစ်ဦး စကားနိုင်
လု၍ ပြောနေကြပေတော့သည်။