ကိုဗစ်ရောဂါပိုးကြောင့် ကျွန်တော်တို့ရုံးမှာ
နှစ်ပတ်တက် နှစ်ပတ်နားသည့်
ညွှန်ကြားချက်အတိုင်း 21 ရက်နေ့မှစ၍
စတင်လိုက်နာဆောင်ရွက်နေပါသည်။
ပထမနှစ်ပတ်ရုံးတက်ရက်ကို ကျွန်တော်
ပါဝင်သည့် B Group မှ
တာဝန်စယူရပါသည်။ A Group က
စ၍ နှစ်ပတ်နားပြီဖြစ်ပါသည်။
ဘူတာကြီးတတိယထပ်တွင် မီးရထားရုံးဌာနများ
ရှိကြသည်။ အဆိုပါရုံးဌာနများမှ မိမိတို့ရုံးအတွင်းသို့
ပြင်ပမှလူများ ရုံးအတွင်းဝင်ရောက်ခြင်းမရှိစေရန်
ရုံးတံခါးမကြီးများတွင် စာပေးစာယူဌာနများ ထားရှိပြီးရုံးစာများ အဝင်အထွက်ပြုလုပ်သည်။ ထို
စာပေးစာယူဌာန၏ စားပွဲပေါ်တွင် လက်သန့်ဆေးဗူးများ ထားရှိပေးသည်။ လက်ဆေးရန် လက်ဆေး
ကန်များကိုလည်း ပြုလုပ်ပေးထားသည်။
ဘူတာကြီးအောက်ဆုံးထပ် ခရီးသည်နားနေဆောင်များတွင် ရန်ကုန်မှရထားစီးလာသူများနှင့်
လားရှိုးရထားမှ ပြည်တော်ပြန်များကို ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်အတွက် စစ်ဆေးဆောင်ရွက်ပေးပါသည်။ မန္တလေးဘူတာကြီးသည် ယခင်က
အလွန်စည်ကားခဲ့သလောက် ယခုကိုဗစ်ကာလတွင်
ညနေ 4နာရီ ရန်ကုန်ရထားနှင့် 4-30နာရီ
မြစ်ကြီးနားရထားများထွက်ချိန်သာ လူအနည်း
ငယ်ရှိသည်။ ကျန်အချိန်များတွင် ဘူတာ
စင်္ကြန်များ၌ ခြောက်သွေ့လှပေသည်။
ရုံး၌ လူတစ်ဝက်လျှော့သွား၍ ခြောက်သွေ့ပြန်သည်။
လုပ်ငန်းများလုပ်ပြီး စကားပြောကြရာ ကျွန်တော်တို့
အရာရှိအမျိုးသမီးနှင့်ဝန်ထမ်းတစ်ဦး၏ ရီစရာ
ဟာသအဖြစ်အပျက်အား ပြောကြသည်။
ထိုဟာသလေးအား ဝေငှလိုက်ပါသည်။
အရာရှိက အမျိုးသမီးအား
"အာလူးနဲ့ ငါးခြောက်အိတ်ပို့လိုက်ကြောင်း
ဖုန်းဆက်လိုက်သည်"
သွားပို့သူက ငါးခြောက်ထုပ်ပေးပြီး ပြန်ထွက်မည်
ပြုသောအခါ
"ဟဲ့ ဖုန်းဆက်တုန်းက အာလူးနဲ့ ငါးခြောက်ပြောပြီး
ခု ငါးခြောက်တစ်မျိုးထဲပါလား"
"ဗျာ"
"အာလူး မေ့ကျန်ခဲ့တာလား"
"ဗျာ"
"အော် ခက်တာဟယ် တဗျာဗျာနဲ့ အာလူး
မပါဘူးလားမေးနေတာ"
"ဟိုး အစ်မ ဆရာက ငါးခြောက်ပို့ခိုင်းလို့
လာပို့တာပါ"
"အေး ပါ နင့်ဆရာပြောတော့ အာလူးနဲ့
ငါးခြောက်ပို့မယ်ဆို၊ အဲ့ အာလူးက ဘယ်မလဲလို့"
"ဟို မဟုတ်ဖူး အစ်မ အာလူးဆိုတာ
ကျွန်တော် နာမည်ပါ ကျွန်တော်က
မောင်အာလူးပါခင်ဗျာ"
"မင်းနဲ့ကွယ် စောစောက ပြောရော့ပေါ့"
ပြုံးနိုင်ကြပါစေ။
@htwegyi
23-9-2020