We Got 3 Points

Words
244
Reading
2 min
Listen
Play
7M

ဒီမနက် မြန်မာစံတော်ချိန် မနက် ၂ နာရီခွဲမှာ ကစားသွားသည့် EPL ပွဲစဉ်မှာ Man United အနေဖြင့် Everton ကို Sesko ရဲ့ ၁ လုံးထဲသော သွင်းဂိုးဖြင့် အနိုင်ရသွားခဲ့၏။ ဒုတိယပိုင်း ၇၁ မိနစ်မှာမှ သွင်းယူ နိုင်ခဲ့ခြင်း ဖြစ်၏။ အနိုင်ရသည် ဆိုပေမဲ့ နောက်ပိုင်းပွဲတွေမှာ United ၏ tempo က အနည်းငယ်ကျဆင်းလာခဲ့သည်ဟု ပြောရမည်ထင်။ အထူးသဖြင့် ယခင်တပတ်က West Ham နဲ့ ပွဲစဉ်ကိုပဲ ကြည့်။ ကံကောင်းလို့ မရှုံးခဲ့ခြင်း ဖြစ်၏။ ထိုပွဲစဉ်မှာလည်း ချေပဂိုးကို Sesko ကပဲ သွင်းယူပေးခဲ့ခြင်း ဖြစ်၏။

United အနေဖြင့် အသင်းကြီးတွေနဲ့ တွေ့ရင် သိပ်ခက်ခဲနေတာမျိုး မရှိပေမဲ့ အလယ်အလတ် အသင်းတွေနဲ့ တွေ့ရင် ရုန်းကန်နေရလေ့ ရှိ၏။ ဒါကလည်း နည်းပြ Michael Carrick ၏ ကစားဟန် ကစားကွက် ဖြစ်မယ် ထင်ပါရဲ့။ ဘောလုံးပိုင်ဆိုင်မှုထက် တန်ပြန် တိုက်စစ်ဆင် ကစားခြင်းကိုသာ ပိုမို၍ အသုံးပြုလေ့ ရှိ၏။ တောင်ပံတွေမှာ မြန်နှုန်းမြင့် ကစားသမားတွေ ရှိနေတော့လည်း ထိုပုံစံ ကစားလို့ ရနေခြင်း ဖြစ်၏။ ယခု Everton နဲ့ ပွဲစဉ်မှာ ရခဲ့သည့် အနိုင်ဂိုးကလည်း အဆိုပါ ပုံစံနဲ့ သွင်းယူသွားခဲ့ခြင်း ဖြစ်၏။

ယခုချိန်ထိတော့ Man United တို့ အခြေအနေကောင်းနေသေးသည်ဟု ဆိုရမည် ဖြစ်၏။ Carrick ကိုင်တွယ်ထားသည့် ၆ ပွဲလုံး ရှုံးပွဲ မရှိသေးပေ။ ၅ ပွဲနိုင် ၁ ပွဲ သရေကျထား၏။ West Ham နဲ့ ပွဲကိုသာ နိုင်လိုက်ရင် ရာနှုန်းပြည့် နိုင်ပွဲ ရယူထားနိုင်မည် ဖြစ်၏။ တန်းဆင်းဇုန်က လွတ်ဖို့ ကြိုးစားနေသည့် West Ham က ကစားရခက်တာ မှန်ပေမဲ့ United ၏ အားထုတ်မှုကလည်း မလုံလောက်ခဲ့ဟု ဆိုရပေလိမ့်မည်။ နို့ပေမဲ့ အရေးကြုံရင် ဂိုးသွင်းပေးမယ့် ကစားသမားတွေ ရှိနေလို့ တော်သေးသည် ဆိုရမည်။ ဒီရာသီ ခေါ်ယူထားသည့် ကစားသမားတွေ အားလုံးက အသင်းနဲ့ အထိုင်ကျပြီး ခြေစွမ်းတွေပြနေကြလို့လည်း ကျေးဇူးတင်ရပါ၏။

နည်းပြ Amorim အလွန် United က ပြောင်းလဲသွားတာကတော့ အမှန်ပင်။ ထိုသို့ ပြောလို့ Amorim မှားနေတယ်ဟု မဆိုလိုပေ။ ခေါင်းမာသွားတာလေး တခုရယ်သာ။ သူက ၃-၅-၂ သာ အသားပေး ကစားချင်သူ။ ၃-၅-၂ နည်းပြကို ခေါ်ထားပြီး သူ လိုချင်တဲ့ ကစားသမားတွေကိုကြ မခေါ်ပေးနဲ့ ဘယ်လို ဘယ်ပုံ ဦးဆောင်ရမည်နည်းပေါ့။ မရှိတော့ ရှိတဲ့သူကို အဆင်ပြေအောင် သုံးရ၏။ ကစားကွက်ကလည်း မပြောင်းချင်။ အဲ့မှာ ကစားသမားတွေက သူတို့ ကစားနေကြ ပုံစံ၊ သူတို့ အားသန်သည့် ကစားဟန် ကစားကွက် မဟုတ်တော့ တဖြည်းဖြည်း အချိန် ကြာလာသည်နှင့် ယုံကြည်မှု ခြေစွမ်းတွေ ကျဆင်းလာခဲ့၏။ အသင်း၏ ရလဒ်လည်း ဆိုးသွားလေတော့၏။ သို့နှင့် လမ်းခွဲ လိုက်ကြရလေသည်ပေါ့။

မတ်လ ၁ ရက်နေ့မှာတော့ United တို့ အိမ်ကွင်းမှာ Crystal Palace အသင်းနဲ့ ကစားရမည် ဖြစ်၏။ ပထမကျော့ အဝေးကွင်းမှာ တုန်းကတော့ United က ၁-၂ ဖြင့် အနိုင်ရထား၏။ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် United တို့ လက်ကျန် ပွဲစဉ်တွေမှာ အမှတ်ရရင် ရသလို ယူထားနိုင်ဖို့ လိုမည် ဖြစ်၏။

(photos from Premier League Page)

We Got 3 Points | Ecency