We Draw Again

Words
211
Reading
1 min
Listen
Play
2y

Europa League Round of 16 ပွဲစဉ်များ ဒီနေ့ မနက်မှာ ယှဉ်ပြိုင် ကစားခဲ့၏။ United ပွဲက မနက် ၁၂ နာရီ ၁၅ မိနစ် ဆိုတော့ ကြည့်ဦးမယ် တွေးထား၏။ သို့ပေမယ့် ပွဲ မစခင်မှာပဲ အိပ်ပျော်သွားခဲ့၏။ ခုတလော ခပ်စောစော အိပ်ပျော် အိပ်ဖြစ်နေ၏။ ကိုယ့်ကိုတောင် အံဩနေမိသား။ တခါမှ ခုလို စောစော အိပ်မပျော် ဖြစ်ပေ။ ရှေ့ရက်တွေကလည်း စော‌စော အိပ်ဖြစ်၏။ မနက် ဆွမ်းထလောင်း ကတည်းကဟု ဆိုရမည်။ အမ နေမကောင်းတာနဲ့ သူ့ အစား ဆွမ်းထ လောင်းပေးရင်းကနေ ဆက်ပြီး လောင်းလှူ ဖြစ်သွားခြင်း ဖြစ်၏။ ကျနော် တယောက်ထဲတော့ မဟုတ်ပေ။ အမေနဲ့ ကျနော်ပေါ့။

အမေ ဆေးရုံ မတက်ရခင်ထိတုန်းကတော့ ဆွမ်းကိစ္စကို အမေကပဲ လုပ်လေ့ ရှိ၏။ နောက်ပိုင်း အမေ့ ကျန်းမာရေးကြောင့် အမေ့ကို မနက်အစော ပေးမထတော့ဘဲ အမက လုပ်၏။ သူ ဖျားသွားတော့ ကျနော်ပေါ့။ သို့ပေမယ့် အအေးလည်း ပေါ့ရော အမေက မနက် မနက်တွေ အ‌စောထပြီး ‌ဆွမ်းလောင်းလှူဖို့ ခူးခပ် ပေးတာမျိုးတွေ လုပ်၏။ ကျနော်က ဆွမ်းကပ်၊ ဆွမ်းလောင်းပေါ့။ အမေ့ကို အစော မထစေချင်ပေမယ့် ပြောလို့က မရ။ သေရင် ငါ့နောက်ပါမှာ ဒီကုသိုလ်လေးပဲ ဆိုပြီး ပြောပြောနေသဖြင့် ခွင့်ပြုထားရ၏။


(photo from Manchester United page)

မနက် အစော ထနေရတာနဲ့ပဲ ညညဆို အစော အိပ်ပျော်သွားလေ့ ရှိ၏။ လူက တင်းခံထားပေမယ့် မျက်လုံးက မရနေပေ။ တခါတလေ phone သုံးနေရင်းနဲ့ အိပ်ပျော်သွားတာတွေလည်း ရှိ၏။ ခုလည်း United ပွဲ ကြည့်မယ် တေးထားမှ ပွဲမစခင်မှာပဲ အိပ်ပျော်သွားခဲ့၏။ မနက်မှ Highlights တွေ ပြန်ကြည့်မိတော့ ညက မကြည့်ဖြစ်လိုက်တာ မှန်သွားတယ် ဆိုပြီး တွေးမိလေ၏။

အခွင့်အရေးတွေ ရရဲ့သားနဲ့ကို Real Sociedad နဲ့ 1-1 သရေကျသွားခဲ့ရ၏။ ဒုတိယကျော့ အိမ်ကွင်းမှာတော့ ဘယ်လို နေမယ် မသိပေ။ ပထမကျော့ အဝေးကွင်းမှာတော့ မစွံဟု ပြောလို့ရ၏။ လက်ကျန် ဖလားအနေနဲ့ ဒါလေးပဲ ကျန်တာကို ကစားသမားတွေ၏ အားထုတ်မှုက မေးခွန်း ထုတ်ချင် စရာပင်။

ပွဲစဉ် 8 ပွဲမှာ United ပွဲက လွဲလို့ ကျန်ပွဲစဉ်များက အရှုံးအနိုင် အဖြေပေါ်ခဲ့၏။ နည်းပြကြီး မော်ရင်ဟို၏ Fenerbahce ကတော့ အိမ်ကွင်းမှာ Rangers ကို 1-3 ဖြင့် အရှုံးပေးခဲ့ရ၏။ Europa League ပွဲစဉ်တွေမှာလည်း အနီကဒ် ပွဲစဉ် 2 ပွဲ ပါခဲ့၏။ 1 ပွဲမှာဆို အနီကဒ် 2 ကဒ်တောင် ပြခံထိ၏။ Lazio အသင်း ဖြစ်၏။ ဒါပေမယ့် သူတို့ Viktoria Plzen ကို 1-2 ဖြင့် အနိုင်ရခဲ့၏။ ဒုတိယကျော့ ပွဲစဉ်တွေကတော့ အကြိတ်အနယ် ရှိနေဦးမှာ အသေအချာပင်။

We Draw Again | Ecency