ဘောလုံးပွဲတွေ မရှိတော့ ဘာရေးရမယ်မှန်း မသိနဲ့ ဒီရက်ပိုင်း ရေးရ အတော်ကြပ်သား။ အရင်က တခြားအကြောင်းအရာတွေ ရေးဖြစ်ပေမဲ့ ဘောလုံးပွဲတွေ အကြောင်းချည်းပဲ အရေး များခဲ့တော့ တခြားဟာ မရေးတတ်တော့ပေ။ ဘယ်က ဘယ်လို စရမှန်းကို မသိတော့ပေ။ ယခင်ကဆို အကြောင်းအရာ တခု တိုက်ဆိုင်လာရင် ဒါလေး ရေးတင် လိုက်ဦးမယ်ဟဟု တွေးထား တေးထားလေ့ ရှိ၏။ ခုနောက်ပိုင်းက တိုက်ဆိုင်မှုတွေ မရှိတော့တာလား၊ ဒါမှ မဟုတ် တိုက်ဆိုင်နေရဲ့သားနဲ့ ရေးမယ်ကွာဟု စိတ်ထဲ မှတ်ထင်မထားတော့တာလားကတော့ ကိုယ်တိုင်လည်း မသဲကွဲတော့ပေ။
တရက်မှ တပိုစ့် မတင်ရရင်လည်း စားမဝင် အိပ်မပျော်သလို ခံစားရ၏။ တရက်လုံးမှာ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် Hive (Ecency) ကို အချိန် မပေးရရင်ကို တနေ့တာ တခုခု လိုနေသလိုပင်။ ကလစ်တဲ့ ကိစ္စလိုပေါ့။ Hive မှာ ပိုစ့်တင်တာကို နေ့စဉ် စွဲစွဲမြဲမြဲ လုပ်ခဲ့လို့ ထင်ပါရဲ့ ကလစ်တဲ့ ကိစ္စကိုလည်း စွဲစွဲမြဲမြဲ လုပ်ဖြစ်နေခြင်း ဖြစ်မည်။ တချို့အကျင့်တွေက မွေးမြူရတာ တန်ပါပေ၏။
ဒီရက်ပိုင်း မိုးအတော်လေး ရွာ၏။ ရွာဆို မိုးရာသီ ရောက်တော့မှာပဲကိုး။ မိုးဦးကောင်းသည်ဟု ပြောရမယ် ထင်ပါရဲ့။ နေ့တိုင်း မိုးရွာ၏။ တနေ့ကုန် အုံ့ဆိုင်းပြီး ရွာနေတာမျိုး မဟုတ်လို့ တော်သေး၏။ ရွာသင့်သလောက် ရွာပြီး နေပြန်သာတော့ မဆိုးဘူးဟု ပြောရမယ်။ ဒါပေမဲ့ ကျောင်းဆင်းချိန် ထထရွာတာကတော့ အတော်လေး ကသီ၏။ ရိုးရာ မပျက်သည့် မိုးပင်။
မနေ့ကတော့ နေ့ခင်း တဖြတ်ရွာ၏။ ညဦးပိုင်း ၇ နာရီလောက် ကတည်းက တစိမ့်စိမ့် ရွာလိုက်တာ ည ၁၁ နာရီထိပင်။ တအိအိနဲ့ ခပ်ဖွဲဖွဲ ရွာနေလိုက်တာ လွမ်းဆွေးဖို့ ကောင်းလှ၏။ ကိုယ်ကသာ လွမ်းဆွေးနေတာ စစ်ဘေးဒဏ်ကြောင့် ပြေးလွှား ရှောင်ရှားနေရသူတွေအဖို့ ခုလို တအိအိ ရွာနေတဲ့ မိုးနဲ့ဆို ပသို့များ နေထိုင် ဖြတ်သန်းကြမည်နည်း။ ရင်မော စရာပင်။
ပျော်ရာမှာ မနေရ တော်ရမှာ နေရတဲ့။ စေ့စေ့တွေးကြည့်ရင် ပြည်သူတွေခမြာ သင့်တော်ရာ နေရာမှာလည်း မနေထိုင်နေရပါဘူးလေ။ ပျော်စရာ နေရာ ဆိုတာကတော့ ပြောမနေနဲ့တော့။ ငါတို့ ပျော်ခဲ့ဖူးပါလားဆိုပြီး ပြန်တမ်းတစရာ တခု အနေဖြင့်သာ ရှိတော့၏။ တချိန်တော့ ပြန်ပျော်ရမှာဆိုသည့် စိတ်တွေနဲ့ပဲ နေ့ရက်တွေကို အားတင်း ဖြတ်သန်း နေကြရတာပါပဲ။