တက္ကသိုလ် ကျောင်းသား (Chapter 3)

Words
228
Reading
2 min
Listen
Play
8y

FB_IMG_1527335451652.jpg

ဤသို့ဖြင့် ကျနော်တို့သည် ပထမနှစ် ကျောင်းသားဘ၀ကို ဂိမ်းဆော့လိုက်၊ စာလုပ်လိုက်၊ ကန်တင်းထိုင်လိုက်နှင့် ပျော်ရွှင်စွာ ဖြတ်သန်းကြ၏။ သို့သော် ထိုပျော်ရွှင်မှုများသည် အောင်စာရင်းထွက်ချိန်မှာတော့ ဆိတ်သုန်းသွားတော့၏။ ကျနော်ကော ကျနော့်သူငယ်ချင်းကော မအောင်ကျပေ။ ၀မ်းနည်းခြင်း၊ စိတ်မကောင်း ဖြစ်ခြင်း၊ အားမလို အားမရ ဖြစ်ခြင်း၊ မကျေနပ်ခြင်းများ စသည့် ခံစားချက်များ ပေါင်းစုံအောင် ခံစားလိုက်ရ၏။ အဆိုးထဲက အကောင်းတခုက မေဂျာတူ ဆိုးတူ၊ ကောင်းဖက် သူငယ်ချင်းလည်း ပထမနှစ်ကို ဒုတိယအကြိမ် ပြန်တက်၏။ ယခု နှစ်မှာတော့ သူကော၊ ကျနော်ကော computer ခန်းသို့ မသွားကြတော့ပေ။

ဂိမ်းမဆော့ချင်တော့၍ မသွားကြခြင်း မဟုတ်ပေ။ ယခင်နှစ်ကတည်းက ကျနော်တို့ computer ခန်းသို့ သွားနေကြခြင်းမှာ ဂိမ်းဆော့ဖို့က အဓိက မဟုတ်ပေ။ ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများကို ပြန်လည် လေ့ကျင့်လို၍ ဖြစ်၏။ သို့သော် ကျနော်တို့ မျှော်လင့်သလို၊ ထင်သလို ဖြစ်မလာခဲ့ပေ။ computer ခန်းထဲသို့ ၀င်ရန် သက်ဆိုင်ရာ ဆရာ၊ ဆရာမ၏ ခွင့်ပြုချက်ယူရ၏။ ဆရာ၊ ဆရာမနှင့်အတူလာလျှင်တော့ အနှီ ခွင့်ပြုချက်က မလိုပေ။ ခွင့်ပြုချက် ရပြီးလျှင်တောင် စက်ခန်းစောင့် ဆရာ၊ ဆရာမ မရှိလျှင် computer ခန်းထဲသို့ ၀င်မရပေ။ IT ကျောင်းသား တယောက်သည် computer ခန်းထဲသို့ လွတ်လပ်စွာ ၀င်ထွက်ခွင့် မရခြင်းသည် မည်မျှ စိတ်နာဖို့ ကောင်းသနည်း။ စာသင်ချိန်ကို ဖျက်ပြီး၊ အတန်းလစ်ပြီး လာခြင်းလည်း မဟုတ်။ ဆရာ၊ ဆရာမ မလာသည့် စာသင်ချိန်မျိုး၊ မိမိ အားလက်ချိန် ရသည့်၊ ရှိသည့် အချိန်မှသာ လာခြင်း ဖြစ်၏။

received_367159270386272.jpeg

ထိုကဲ့သို့သော် အကြောင်းတရားများကြောင့် computer ခန်းသို့ ကျနော်တို့ အသွားနည်းသွားကြခြင်း ဖြစ်၏။ ပထမနှစ် ထိပြီးချိန်မှာတော့ computer ခန်းအစား ဂိမ်းဆိုင်သို့သာ ပိုပြီး ရောက်ဖြစ်တော့၏။ စက်ခန်းသွားလို့ အငြိုအငြင် ခံရခြင်းဘေးမှလည်း ကင်းသွားပြီ မဟုတ်လား။ စာရွက်ပေါ်ပညာရေး စနစ်နှင့် အသားကျအောင် နေထိုင် ရှင်သန်နိုင်ဖို့သာ ဆုံးဖြတ်လိုက်တော့၏။ ဤသို့ဖြင့် ပထမနှစ် ဒုတိယအကြိမ် စာသင်နှစ်သည် အဆင်ပြေပြေနှင့် ဖြတ်သန်းစီးမျောလို့ နေတော့၏။ ပထမနှစ်က စာများကို သေချာသင်ကြား လေ့လာထားပြီး ဖြစ်သဖြင့် ယခု ပြန်တက်သည့် အချိန်မှာတော့ အေးအေးဆေးဆေး သာသာယာယာပင် ဖြစ်နေတော့၏။ ကျောင်းစာထက် အပြင် စာ၊ အပြင် ကိစ္စများကို ပိုမိုပြီးတော့ အချိန်ပေးဖြစ်တော့၏။

ဝါသနာတူ သူငယ်ချင်းများ ပေါင်းပြီး မိမိတို့ ရေးသားထားသည့် စာတို၊ ပေစလေးများကို ကဗျာစာအုပ်အဖြစ်သို့ အသက်သွင်းကြ၏။ ပထမနှစ် စစခြင်းမှာ ကဗျာစာအုပ် မလုပ်ဖြစ်ပဲ၊ ပထမနှစ်ထိပြီး နောက်ထပ် ပြန်တက်သည့် နှစ်မှသာ ကဗျာစာအုပ်ကို လုပ်ဖြစ်ခြင်း ဖြစ်၏။ နောက်ပိုင်း နှစ်များတွင်လည်း ကဗျာစာအုပ်များ ပုံမှန် လုပ်ဖြစ်၏။ အခြား သူငယ်ချင်းများနှင့် ပေါင်းထုတ်သလို၊ တကိုယ်တော်လည်း ထုတ်၏။ ပထမဆုံးထုတ်ဖြစ်သည့် ကဗျာစာအုပ် နာမည်ကို မှတ်မိနေသေး၏။ “ သင်္ခါရမဲ့ သင်္ဂါရ “ ဖြစ်၏။ ၀ါသနာတူ သူငယ်ချင်းများ စုပေါင်းပြီး ထုတ်ဝေခြင်း ဖြစ်၏။ ပထမဆုံး ခြေလှမ်းသည် သိပ်အဆိုးကြီး မဟုတ်ပေ။ အထိုက်အလျောက် အားပေးမှု ရသည်ဟု ဆိုလို့ ရ၏။ ဤသို့ဖြင့် လွတ်လပ်သည့် ကျောင်းသားဘ၀ကို အပြည့်အ၀ ခံစားပြီး ခေတ်ကို မြည်းစမ်း ဖြတ်သန်းတော့၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

တက္ကသိုလ် ကျောင်းသား (Chapter 3) | Ecency