Should Stop

Words
236
Reading
2 min
Listen
Play
3y

ဒီကာလကြီး ကိုယ့်ကို ပြန်ကြည့်မိ၏။ ဘာမှ မလုပ်ဘဲ ဝေလေလေ ဖြစ်နေခဲ့တာ အတော်လေး ကြာခဲ့ပြီ။ ပြောရရင် COVID 19 တွေ စဖြစ် ကတည်းကဟု ဆိုရမည်။ သင်ကြားရေးတွေ ရပ်ကုန်၏။ အခက်အခဲကို တွန်းအား၊ အခွင့်အလမ်း အဖြစ် အသုံးချတတ်သည့် လူ့အဖွဲ့အစည်းကြောင့် Online learning, studying, teaching class တွေ ပေါ်ပေါက်လာခဲ့၏။ ရောဂါက ရောဂါ၏ အလုပ်ကို လုပ်သလို လူတွေကလည်း သူတို့ လုပ်စရာ ဆက်လုပ်ကြရ၏။

Online learning စနစ်ကြောင့်ပင် Generation Z တို့ Alpha တို့ နည်းပညာနှင့် ပိုပြီး ရင်းနှီးကျွမ်းဝင်သည့် မျိုးဆက် ဖြစ်သွားခဲ့၏။ အိမ်က တူလေးနှင့် တူမလေးဆိုရင် သူတို့ အမေတွေ၏ ရုံးကိစ္စ zoom meeting ဖွင့်ပြု လုပ်ဖို့တွေကို သူတို့ကတောင် ပြန်လည် ကူညီ သင်ပြ ပေးလေ့ ရှိ၏။ လူငယ်သည် လူကြီးကိုချည်း အမြဲ မမှီခိုနေရသလို လူကြီးသည်လည်း လူငယ်ကို ပြန်အားကိုးရသည့် အချိန် ရှိ၏။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့။

Online system အရွေ့မှာ ကျနော် ကျန်ခဲ့၏။ နည်းပညာနှင့် စိမ်းလို့ရယ် မဟုတ်၊ ကန်တော့ $ ပျင်းထူပြီး ဟိုအကြောင်းပြ ဒီအကြောင်းပြကာနှင့် COVID 19 ကာလကြီးကို အိမ်တွင်းအောင်းရင်းသာ ဖြတ်ကျော်ခဲ့၏။ COVID 19 မတိုင်ခင် ကျနော့် အ‌ခြေအနေလေးက မဆိုးဟု ပြောလို့ရ၏။ သင်နေကြ အဆောင် နှစ်ခုနှင့် အခြား တယောက်ချင်း အတန်းလေးတွေလည်း ရှိသလို ကိုယ်ပိုင် သင်တန်းလေးပါ လုပ်ဖို့ ပြင်ဆင်ထားခဲ့၏။ COVID ဝင်မွှေတော့ ခဏတန့်သွားခဲ့၏။

ငဗစ် ပြီးတော့ လုပ်တော့မဟေ့ ပြင်တုန်း ရှိသေး ငစစ်က ဝင်ချလာ၏။ လဲနေပါတယ်ဆိုမှ ထပ်အထောင်းခံရလေတော့၏။ ဒုက္ခ ဆိုသည့် အမျိုးက အမြဲ အဖော်အပေါင်းနှင့်သာ လာတတ်သည် မလား။ ဒီတခါတော့ $ ပျင်းထူတာ မဟုတ်ဘဲ $ ကြီး $ ကျယ် လုပ်ကာ မသင်ဘူးဟဟု ဆုံးဖြတ်ကာ စာသင်ကြားခြင်းကို ရပ်လိုက်လေ၏။ ဒါတောင် အာဏာသိမ်းပြီးခါစ အချိန်တုန်းက တယောက်ထဲ သီးသန့်ကို လပိုင်းလောက် သင်ဖြစ်လိုက်သေး၏။

စာမေးပွဲနား နီးမှ အပြတ်သဘောလိုမျိုး သင်ပေးရခြင်း ဖြစ်၏။ ထိုကလေး အောင်၏။ ဂုဏ်ထူးတောင် ၂ ဘာသာ ပါသည် ဆိုလား။ ဂုဏ်ပဲ ယူရမလိုလို ဝမ်းပဲ သာပေးရမလို အီလည်လည်ကြီး ဖြစ်နေခဲ့၏။ သာမန်အခြေအနေ၊ အချိန်မှာသာ ဆိုရင် ဝမ်းသာအားရ ချီးကျူးမိမှာ အသေအချာပင်။

ထိုကလေးကို သင်ပေးပြီး ကတည်းက စာ မသင် ဖြစ်တော့တာ ခုထိပင်။ ၃ နှစ်လောက်တော့ ရှိခဲ့ပြီ။ ဘာမှ မလုပ်ဖြစ်။ ဒီအတိုင်း Hive မှာ စာလေးရေး၊ ပိုစ့်လေး တင်ရင်းနဲ့သာ နေ့ရက်တွေကို ဖြတ်သန်းခဲ့၏။ Hive platform လေး ရှိနေလို့သာစိတ်တွေ အောက်ထိ မထိုးကျ၊ လေလွင့်သွားခြင်း မရှိဟုပင် ဆိုရပေမည်။ ငါ စာရေးရဦးမယ်။ ငါ ပိုစ့်တင်ရဦးမယ် ဆိုသည့် အတွေးနဲ့ ကိုယ့်ကို သတိပေးရင်း နေ့ရက်တွေ ကုန်လွန်ခဲ့၏။

ဒါကြီး ပြီးမှ ဆိုသည့် အတွေး၊ အကြောင်းပြချက်ကို ရပ်တန့်သင့်ပြီ။ ကမ္ဘာက သူ့အချိန်၊ သူ့အရှိန်တိုင်း လည်နေမှာပင်။ ကျနော်လည်း ကူနိုင်၊ ကူစရာ ရှိတာကူရင်း လုပ်သင့် ဖြစ်သင့်တာကို လုပ်ကို လုပ်မှ ရပေတော့မည်။

Should Stop | Ecency