Road to Cherry FM Show

Words
245
Reading
2 min
Listen
Play
8y

FB_IMG_1527335451652.jpg

MSC Gathering ပွဲကနေ ကိုယ့်မြို့ ကိုယ့်ဒေသကို ပြန်လာခဲ့ပြီးကတည်းက ခုချိန်ထိ အလုပ်ရှုပ်နေ၏။ ကောင်းကောင်းကို မနားရသေးပေ။ ဘာတွေလုပ်လို့ ဘာတွေ ရှုပ်နေမှန်းကို မသိပေ။ အင်းပေါ့လေ ပုံဂံမှာ အနည်းငယ် နားခွင့် ရထားတာလေးကိုပဲ ကျေးဇူးတင်ရပေလိမ့်မည်။ ပုဂံမှာ ရက်အနည်းငယ်ပဲ နေရလို့ ရသလောက်လေး အသားကုန် လည်ပစ်လိုက်၏။ လူလည်း မိတ်ဖု (အပူဖု) တွေကို ထလို့။ နဂိုမဖြူသည့်အသား ပိုမဲပေါ့။ (နောက်မှ ပုဂံ Gathering အကြောင်းကို ရေးဦးမည်)

အအေးပိုင်းဒေသမှာ နေသော ကျနော့်အဖို့ အပူပိုင်း ဒေသ (၂) ရက်တာ ခရီးစဉ်က စိန်ခေါ်မှုကြီး တရပ်ပင်။ ပူပူ ပူပူနှင့်ပဲ ရသလာက် အချိန်လေးမှာ ရအောင် လည်ပတ်ခဲ့၏။ ရှေ့တခေါက်လာတုန်းက မဖူးခဲ့ရသော ဘုရားများကို အဓိက ထားပြီး ဖူး၏။ ထို့ပြင် တချို့ဘုရားများကို ဖူးဖို့ ချန်ထားခဲ့၏။ နောက်ထပ် ထပ်လာရန် ဖြစ်၏။ အိမ်ပြန်ရောက်ပြီး (၃) ရက်လောက်နေမှ ကိုယ်မှ အပူဖုများ ပျောက်တော့၏။

အလုပ်အကျွေးများကို လက်စသတ်ဖို့ တပတ်လောက် လုံးခြာလည် လိုက်လို့နေ၏။ ယခုရက်ပိုင်းမှ ကိစ္စ အချို့ ပြီးပြတ်၏။ ကံကောင်းသည်က ဒီနေ့တွင် Cherry FM (၉) နှစ်ပြည့် Show ပွဲ ရှိ၏။ နောက်တခုက မြန်မာဘောလုံး အသင်း ၀င်ရောက် ယှဉ်ပြိုင်သည့် အာရှအားကစားပြိုင်ပွဲ ရှိ၏။ မြန်မာပွဲက ဒေသ စံတော်ချိန် ညနေ (၆) နာရီခွဲတွင် ဖြစ်၏။ ၀မ်းနည်းဖို့ ကောင်းသည်က မည်သည့် ပြည်တွင်း ရုပ်သံလိုင်းကမှ မြန်မာပွဲကို မလွှင့်ပေ။ Online ကနေသာ live လွှင့်ပေးမည့် Facebook Page များကို ရှာဖွေ ကြည့်ရပေလိမ့်မည်။ ကံဆိုးသည်က ညနေ (၆) နာရီကနေ (၇) နာရီထိ ကျနော် စာသင်ချိန် ရှိ၏။

FB_IMG_1534325689497.jpg

မည်သို့ပင် ဆိုစေ ယခုလို ပွဲကောင်းကိုတော့ လက်လွှတ်မခံနိုင်ပေ။ စာသင်ချိန် ပြီးသွားလျှင်တော့ မီသလောက် လေး အားပေးရပေလိမ့်မည်။ ဒုတိယပိုင်း တပိုင်းတော့ ကောင်းကောင်း မီသည်။ မိမိထက် အင်အားကြီးသည့် အသင်းများနှင့် တအုပ်စုထဲ ကျနေသောကြောင့် နောက်တဆင့်က မလွယ်ပေ။ ရှုံးရှုံး နိုင်နိုင် ကျနော်တို့၏ မြန်မာအသင်းကို အားပေးရပေလိမ့်မည်။ ဘယ်လိုပဲ ကိုယ်တွေ အသည်းကို ခွဲခွဲ အချိန်တန်တော့လည်း ဖန်သားပြင် ရှေ့ကို အလိုလို ရောက်မိသား ဖြစ်နေ၏။ နည်းပြသစ် လက်အောက်က အသွင်သစ် ပုံစံသစ်နှင့် မြန်မာအသင်းကို ရင်ခုန်မျှော်လင့်နေမိ၏။ အတိုင်းတာ တခုထိ စွမ်းဆောင်ပြနိုင်လိမ့်မည်လို့ ယုံကြည်၏။

P80815-175032.jpg

မြန်မာပွဲပြီးသွားလျှင်တော့ Cheery FM Show ပွဲသို့ သွားလိုက်ပေဦးမည်။ ဒီနေ့ တနေ့တော့ ကောင်းကောင်း အနားယူ ပစ်လိုက်ဦးမည်။ ခက်သည်က မနက်ကတည်းက ရွာလိုက် တိတ်လိုက် ဖြစ်နေသည့် မိုး။ သူ့ကြောင့် ပွဲပျက်သွားနိုင်၏။ တောင်ကြီးနှင့် မိုးသည် ခွဲမရ။ အမွှာတွေ လိုပင်။ ခုစာရေးနေချိန် (ညနေ ၅ နာရီ) မှာတော့ မိုးနတ်မင်း အငို တိတ်သွားပြီ ဖြစ်၏။ ခဏတာ တိတ်တာလား။ ညနက်ထိ တိတ်တာလား ဆိုတာကိုတော့ စောင့်ကြည့်ရပေလိမ့်မည်။ မည်သို့ပင် ဆိုစေကာမူ Show ပွဲသို့ ထီးယူသွားရန် ကျနော် ဆုံးဖြတ်လိုက်၏။ မိုးက မိုးအလုပ် လုပ်လိမ့်မည်။ ကျနော်ကလည်း ကျနော့်အလုပ် ကျနော် လုပ်ရပေ လိမ့်မည်။ မိုးမဖျက်လျှင်တော့ နောက်ရက်တွင် Show ပွဲ ပုံရိပ်များနှင့် တကွ ထပ်မံလာရောက် မျက်စိနောက်ခွင့် ပြုပါရန် ကြိုတင်ပြီး ခွင့်ပန်ခဲ့လိုပါ၏။

Don Jaun

MSC 31

Road to Cherry FM Show | Ecency