မပျော်ရသော နေ့ရက်များ

Words
201
Reading
1 min
Listen
Play
3y

ခုတလော စိတ်မပျော်နေပေ။ ကျန်းမာရေး ကောင်း၏။ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အဆင်ပြေ၏။ စိတ် နေလို့မကောင်း၊ စိတ် အလို မကျနေခြင်း ဖြစ်၏။ ဒီရက်ပိုင်း အလိုမကျမှုတွေက အတော်လေး ကြီးစိုးခြယ်လှယ်လို့နေ၏။

တော်ရုံနဲ့ စိတ်ဓါတ်ကျတတ်သူမျိုး မဟုတ်ပေမယ့် မကြာခဏတော့ စိတ်လေ တတ်လေ့ ရှိ၏။ စိတ်ပင်ပန်း နွမ်းနယ်တာမျိုးလည်း ရှိတတ်ပေမယ့် အဆိုပါ ကိစ္စကို ကိုင်တွယ် နိုင်ပါ၏။ နို့ပေမယ့် စိတ်မပျော်၊ စိတ်အလို မကျ ဖြစ်ခြင်းကိုက ကျော်ဖြတ် နိုင်ဖို့ ကျနော့် အတွက် အတန်ငယ် ခက်၏။

အလုပ် မရှိ၊ အားနေချိန်မျိုးတွေမှာ ပိုပြီး စိတ်လေ တတ်၏။ တခြား အချိန်တွေထက် စိတ်လေ နေချိန်မျိုးမှာ ပိုပြီး စိတ်အလို မကျ ဖြစ်လေ့ ရှိ၏။ ဒီခေတ် ဒီကာလကြီးမှာ စိတ်ပျော်အောင် နေဖို့က ခက်လှ၏။ လွန်ခဲ့သော နှစ်ကာလတွေတုန်းကတော့ စိတ်မပျော်မှု၊ စိတ်အလိုမကျမှုတွေ အတော်လေး နည်း၏။

ဘာလုပ်ရင် ကောင်းမည်နည်း တွေးရင်းနဲ့ အချိန် နေ့ရက်တွေလည်း တဖြည်းဖြည်း ကုန်ဆုံးခဲ့၏။ ခုဆို စာမသင် ဖြစ်တာ ၃ နှစ်လောက် ရှိသွားခဲ့ပြီ။ သင်ကြားရေး လောကထဲ ပြန်လာ ဖြစ်၊ မလာ ဖြစ်တော့ ယတိပြတ် မပြောတတ်သေးပေ။ အာဏာသိမ်းပြီး စ ကတည်းက စာ မသင် ဖြစ်တော့ခြင်း ဖြစ်၏။ သင်ကြားရေး ပိုင်းကို စိတ်ပျက်၊ စိတ်ကုန် သွားလို့တော့ မဟုတ်ပေ။ စာသင် အလုပ်ကို ကျနော် နှစ်သက်၏။ စာသင်နေရရင် တနည်းအားဖြင့် ကလေးတွေနဲ့ စကား ပြောနေရရင် ကျနော် ပျော်၏။

ကိုယ်ပိုင် ကျူရှင်လေး လုပ်မယ် ဆိုပြီး ၂ နှစ်လောက် ကြိုးစားကြည့်ခဲ့၏။ ငဗစ် လာ၏။ ငဗစ်ပြီးလို့ ပြန်ရုန်းမယ်ဆိုတော့ ငစစ်လာ၏။ ပြန်ကို မထ ဖြစ်တော့။ မထနိုင်တာထက် မထချင်တာ။ လဲကျနေရာက အကြိမ်ကြိမ် ပြန်ထနိုင်ခဲ့သည့် အကြိမ်၊ အကြောင်းအရာတွေ အများကြီး ရှိခဲ့၏။ နို့ပေမယ့် ဒီတကြိမ်ကတော့ အရှည်အကြာဆုံး ဖြစ်မည် ထင်၏။ အပျင်းထူရင်း အပျင်းထူ လွန်သွားခဲ့ပြီ ထင်၏။

ဒီကာလကြီးမှာ "ချင်" ဆိုသည့် စကားလုံး ပျောက်ဆုံးနေခဲ့၏။ ဖြစ်ချင်၊ လုပ်ချင်၊ သွားချင်၊ စားချင် စသည့် လိုချင် အားထုတ်မှု အတော်လေး ယုတ်လျော့ သွားခဲ့၏။ တနှစ်ကို ၂ ကြိမ်လောက် အနည်းဆုံး ခရီး ထွက်ဖြစ်သည့် ကျနော် မြို့နှင့် ဝေးရာ မပြောနဲ့ မြို့ပြင်တောင် မထွက်ဖြစ်တော့ပေ။ တက်ကြွမှု အချို့ ကျနော့်ဆီကနေ ထွက်ခွာ သွားခဲ့တာ အချိန် တခု ရှိသွားခဲ့ပြီ။

နေမပျော်တဲ့ ဘဝထဲ နေတတ်သလို နေထိုင်ရင်း တချိန်မှာ တခုခု ဖြစ်လာတန်ကောင်းပါရဲ့ ဆိုသည့် မရေမရာ မျှော်လင့်ချက် သေးသေးလေးနဲ့ တေ့ရက်တွေကို ဖြတ်သန်းနေခဲ့၏။ ကျနော့်ကိုယ် ကျနော် ပြန်ရှာ သင့်နေပြီ။

(photos by Canvas)

မပျော်ရသော နေ့ရက်များ | Ecency