မငယ် phone ဝယ်

Words
223
Reading
1 min
Listen
Play
4M

မနေ့ ညနေက Futsal ကစားဖို့ သွားချိန် နောက်ကျ၏။ အကြောင်းကား ကျနော့် အမငယ် phone ဝယ်သောကြောင့် ဖြစ်၏။ ကျနော် ဝယ်ပေးတာ မဟုတ် သူ့ပိုက်ဆံနဲ့သူ ဝယ်ခြင်း ဖြစ်၏။ ကျနော်က လိုက်ကူပေးရုံသာ။ ဝယ်ပေးချင်ပေမဲ့ မ‌ဝယ်ပေးနိုင်သေးသည့် အခြေအနေမလား။ တချိန်တော့ အမ နှစ်ယောက်လုံး အတွက် အများကြီး လုပ်ပေးဖို့ တွေးထား၏။ ခုတော့ စိတ်ကူးသက်သက်၊ အတွေး သက်သက်သာ ဖြစ်နေခဲ့သေး၏။

ကနဦးတုန်းက တူလေးအတွက် ဝယ်မယ်ဟု အမက ပြောထား၏။ အသစ်ထဲက မဟုတ်တောင် second ထဲကပေါ့။ သို့နှင့် ကျနော်က သားသား အတွက် ဝယ်မဲ့အစား အမ အတွက် ဝယ်လိုက်ပြီး အမ၏ phone အဟောင်းကို တူလေးအား ပေးကိုင်လိုက်ဖို့ အကြံပေး၏။ ၁၃ နှစ်အရွယ် ကလေးတယောက် အတွက် ဈေးကြီးပေးပြီး phone ဝယ်ပေးဖို့ကို ကျနော် သိပ်အားမပေးချင်။ ရှိတဲ့သူတွေ ရှိသလို ဝယ်ပေးနိုင်တာက သူတို့ ကိစ္စ ဖြစ်၏။ ကိုယ်တွေက ပေါများနေတာ မဟုတ်ပေ။ သို့ပေမဲ့ ဘယ် မိဘမဆို ကိုယ့်သားသမီး အတွက် အကောင်းဆုံး လုပ်ပေးချင်ကြတာချည်းပင်။

ဈေးကြီးတာ မကြီးတာထက် ကိုယ်ပိုင် phone ရယ်လို့ ဖြစ်သွားရင် screentime ယခုထက် ပိုများလာမှာ စိုးရိမ်သောကြောင့် ဖြစ်၏။ လက်ရှိ အမ ကိုင်နေသည့် phone ကလည်း model နည်းနည်းတော့ နိမ့်သွားခဲ့ပြီ။ ဒါပေမဲ့ ကောင်းကောင်း သုံးလို့ ရနေသေး၏။ ထို့ကြောင့် အမကို အသစ် ကိုင်ခိုင်းပြီး တူလေးကိုတော့ အမ၏ phone အဟောင်းကို သုံးစေခြင်း ဖြစ်၏။ သားအမိ နှစ်ယောက် သူတို့ဟာ သူတို့ ညှိလိုက်ကြ၏။ တူလေးက လက်ခံပါ၏။ အမေ လူလည်ကျတယ်ဟုတော့ သူက စနောက် လိုက်သေး၏။

ဝယ်မယ်ဆိုတော့ အမျိုးအစားက ရွေးရပြန်သေး၏။ ထုံးစံအတိုင်း နိုင်ငံတော်ဘရန်း ဖြစ်သည့် Xiaomi Redmi ပဲပေါ့။ လက်ရှိမှာ Redmi note 15 series ထိ ထွက်ထားပေမဲ့ ကျနော်က 13 series တွေကိုသာ ပိုကြိုက်၏။ အဓိကက Chipset ကြောင့် ဖြစ်၏။ Snapdragon ကို ပိုကြိုက်နှစ်သက်သူ ဖြစ်နေ၍ပဲလားတော့ မသိ MTK ကို ဘယ်လိုမှ သဘောမကျနေပေ။ ထို့ကြောင့် note 13 pro သာ ဝယ်ဖို့ ရွေးလိုက်၏။ ပထမ တဆိုင်မှာ မရှိပေ။ နောက်တဆိုင်မှာ ရ၏။ အရောက်က အဖြူ တရောင်ထဲ ကျန်၏။ အဖြူလည်း လှပါ၏။

Phone ဈေးတွေက ပြန်တက်နေ၏။ note 13 pro 8/256 ကိုပဲ မကြီး အတွက် ဝယ်တုန်းက ခု‌ထက် ဈေးသက်သာ၏။ ဘဘကြီး ကျေးဇူးနဲ့ အရာရာ ဈေးတွေ တက်သွားသည် မဟုတ်လား။ ဝယ်လာပြီး data တွေကိုတော့ ညဘက် Futsal ကစားပြီး ပြန်လာမှ ရွှေ့ပေးလိုက်၏။ ဆိုင်က Hyper OS မတင်သေးဖို့ မှာလိုက်ပေမဲ့ ကျနော်ကတော့ တင်လိုက်၏။ ခုဆို မောင်နှမ သုံးရောက်လုံး Redmi note 13 pro တွေချည်း ဖြစ်ကုန်၏။

မငယ် phone ဝယ် | Ecency