Match Point

Words
191
Reading
1 min
1y
Listen to this post
~1 min

22 ရက်နေ့က ကျနော်တို့ အသင်း အုပ်စုအဆင့်၏ ဒုတိယမြောက် ပွဲစဉ် ကစားရ၏။ 4 သင်း တအုပ်စုဆိုတော့ 3 ပွဲ ကစားရမည်။ ပထမပွဲစဉ် ရှုံးထားသဖြင့် ယခုပွဲစဉ်က ကျနော်တို့အတွက် အရေးကြီး၏။ ရှုံးလို့ မဖြစ်။ သရေနှင့် အနိုင် တခုခု ရမှာ ဖြစ်မည်။ အနိုင်ကန်ထားရင်တော့ ပိုစိတ်ချရ၏။ သရေဆို သူများ ရလဒ် လိုက်ကြည့်နေရဦးမှာ။ ရှုံးသွားခဲ့ရင်တော့ ပြီးပြီ။ အုပ်စုအဆင့်နဲ့ နှုတ်ဆက်ပေါ့။

တဖက်အသင်းက ပထမနေ့ပွဲစဉ်က အသင်းလောက် မကောင်းပေ။ ပထမနေ့ ပွဲစဉ်လိုပဲ ဦးဆောင်ဂိုးကို ကျနော်တို့ အရင် ရ၏။ ထို့နောက် တဖက်အသင်းက ချေပဂိုး ပြန်သွင်း၏။ 1-1 ကနေ ကျနော်တို့ ဦးဆောင်ဂိုး ထပ်သွင်းကွာ 2-1 ဖြစ်စေခဲ့၏။ သူတို့က ချေပဂိုး ပြန်သွင်းယူကာ 2-2 သရေ ရလဒ်နဲ့ ပွဲပြီးသွားခဲ့၏။

ဂိုးသွင်းခွင့်တွေ နှစ်သင်းစလုံး အပြန်အလှန်ရကြ၏။ ဒါပေမယ့် ကျနော်တို့အသင်းက ဂိုးသွင်းခွင့်ပိုရ၏။ အဆုံးသတ် မသေချာမှုတွေကြောင့် ဂိုးမရခဲ့ပေ။ နိုင်သင့်သည့်ပွဲ မနိုင်သဖြင့် အားလုံး မပျော်နိုင်ကြပေ။ လုံလောက်အောင် အားမထုတ်နိုင်ခဲ့ကြလို့လည်း မခံချိ မခံသာတွေ ဖြစ်နေကြ၏။ အုပ်စု နောက်ဆုံးပွဲကို ကျနော်တို့ မဖြစ်မနေ အနိုင်ကစားထားမှရပေလိမ့်မည်။ ဂိုးလည်း သွင်းနိုင်သလောက် သွင်းထားမှရယ်။

ဒါတောင် ကျနော်တို့နဲ့ သရေကျသည့် အသင်းက သူတို့၏ အုပ်စု နောက်ဆုံးပွဲစဉ်မှာ ရှုံးဦးမှ။ သူတို့ တွေ့ရမှာက ကျနော်တို့နှင့် ပထမပွဲစဉ်မှာ ကစားခဲ့သည့် အသင်းဖြစ်၏။ ဒီအုပ်စုရဲ့ အင်အားအတောင့်တင်းဆုံး အသင်း ဖြစ်၏။ အဆိုပါ အသင်းကို သူတို့ နိုင်ဖို့က မဖြစ်နိုင်ပေ။ ဒါပေမယ့် ဘောလုံးက အလုံးကြီး မလား။ အကယ်လို့သာ သရေကျသွားခဲ့ရင် ကျနော်တို့ နောက်ဆုံးပွဲ အနိုင်ရခဲ့ရင်တောင် ကျနော်တို့ အုပ်စုအဆင့်နဲ့တင် ကျေနပ်ရမည် ဖြစ်၏။

ခု ကျနော်တို့နဲ့ သရေကျထားသည့် အသင်းက ပထမတပွဲ နိုင်ထားသဖြင့် 4 မှတ်ရထားပြီး ဖြစ်၏။ ဟို အသင်းကြီးနဲ့ အုပ်စု နောက်ဆုံးပွဲကိုသာ သရေကျအောင် ကစားနိုင်ရင် 5 မှတ်ရပြီး နောက်တဆင့် တက်သွားပေလိမ့်မည်။ ကျနော်တို့က အုပ်စု နောက်ဆုံးပွဲကို နိုင်ခဲ့ရင်တောင် 4 မှတ်ပဲ ရမှာ။ ထို့ကြောင့် လက်ရှိ ကျနော်တို့နှင့် သရေကျထားသည့် အသင်းက သူတို့၏ အုပ်စု နောက်ဆုံးပွဲကို ရှုံးသွားဖို့ လိုအပ်နေခြင်း ဖြစ်၏။ သူများရှုံးမှ ကိုယ်တွေ နောက်တဆင့်တက်ရမယ့် အဖြစ်။

ဆိုတော့ကာ ကျနော်တို့ နောက်တဆင့်တက်ဖို့က မျှော်လင့်ချက်တော့ ရှိနေပါသေး၏။ လိုချင်သည့် ရလဒ်ကို ရအောင် မယူနိုင်ခဲ့တော့ ပူပန်နေရပြီ။ မည်သို့ပင် ဆိုစေကာမူ နောက်တဆင့်တော့ တက်ကို တက်သည်ဟု စိတ်ထဲမှာ သေချာကို သိနေပါ၏။ ကံ‌တရား၏ ဖေးမမှုကို စောင့်မျှော်ရင်း အုပ်စု နောက်ဆုံးပွဲအတွက် အားမွေးထားပါဦးမည်။

Match Point | Ecency