Covid 19 လူနာဦးရေက တဖြည်းဖြည်း တိုးလို့ လာခဲ့ပြီ ဖြစ်၏။ မနေ့က သတင်းထဲမှာ ဝမ်းနည်းစရာ တခုက ပါလာခဲ့၏။ rock အဆိုတော် မျိုးကြီးလည်း covi 19 ရောဂါ ကူးစက်ခံထားရသည် ဆို၏။ ကနဦး ထိုအကြောင်းကို ကြားတော့ မယုံနိုင်ပေ။ ကောလ ဟာလ ဟု ထင်မိ၏။ သို့နှင့် မျိုးကြီး fan group ထဲ သွားကြည့်တော့ တကယ်ပဲ ဟုတ်နေခဲ့၏။ အဆိုတော် မျိုးကြီးသည် ဘာသာရေး ဆိုင်ရာ ဆုတောင်းပွဲ တခု တက်ရောက်ရင်း ထိုရောဂါ ကူးစက်ခံလိုက်ရခြင်း ဖြစ်၏။
တရားဟော ဆရာ၊ အဆိုတော် မျိုးကြီး အပါအဝင် (၄) ဦးကို တရားစွဲဖို့ စီစဉ်နေပြီ ဖြစ်၏။ လူစုလူဝေး မလုပ်ဖို့ ထုတ်ပြန်ထားသည့် အစိုးရ၏ စည်းမျဉ်း စည်းကမ်းကို မလိုက်နာသဖြင့် အရေးယူခံ ခဲ့ရခြင်း ဖြစ်၏။ သူတို့ခဗျာ ရောဂါလည်း ကူးစက်ခံရ၊ တရားလည်း စွဲခံရနှင့် အတော်လေး ဆိုးလှ၏။ အစိုးရ၏ ထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်းများကိုသာ လိုက်နာခဲ့လျှင် ခုလိုမျိုးတွေ ဖြစ်လာခဲ့မည် မဟုတ်ပေ။ လူ ဘယ်နှယ်ယောက်လောက်ဆီထံသို့များ အဆိုပါ ရောဂါ ပျံ့နှံ့သွားခဲ့ပြီနည်းဟု စိတ်ပူမိ၏။
ဒီလိုအချိန်မျိုးမှာတော့ ပြည်သူ ပြည်သားများ အနေနှင့် အစိုးရ ထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်းများကို တသွေမတိမ်း လိုက်နာကြဖို့ လို၏။ ထိုသို့ လိုက်နာခြင်းကလည်း မိမိအတွက် မိမိ မိသားစု အတွက် ကောင်းဖို့ပဲ မလား။ အိမ်မှာ နေရင်းနှင့် မိမိကိုယ်ကို ကယ်တင်လို့ ရနေပြီ မဟုတ်လား။ အမှန်တော့ အိမ်မှာတင် နေခြင်းဖြင့် ရောဂါကူးစက်မှုတွေကို လျှော့ချ၊ ဟန့်တားနိုင်သည် မဟုတ်လား။ မိမိ ကတဆင့် ကူးစက် မခံရအောင် အတတ်နိုင်ဆုံး အိမ်မှာနေဖို့ ဖြစ်၏။
ဒီအတိုင်းဆို covid လူနာ အရေအတွက်က ထပ်မံ တိုးပွားလာဖို့ ရှိ၏။ နိုင်ငံတော် အတိုင်ပင်ခံ အမေစု ကိုယ်တိုင်ကလည်း ထိုအကြောင်းကို ပြောကြားထားခဲ့ပြီး ဖြစ်၏။ စစ်ဆေးပေးနိုင်သည့် အရေအတွက် များလာသည်နှင့် အမျှ လူနာအရေအတွက်လည်း ထပ်တိုးလာနိုင်၏။ အချိန် တခုအထိ အရေအတွက် တိုးနေမည်မှာ အမှန်ပင်။ သို့ပေမယ့် ထိုအချိန်က မကြာရှည်ဖို့ အရေအတွက်က မများဖို့ မျှော်လင့် ဆုတောင်း နေမိ၏။