ကျနော်နှင့် သြင်္ကန်က ကံစပ်၏။ ကောင်းသော ကံတော့ မဟုတ်ပေ။ သြင်္ကန်သည် ကျနော့် အကြိုက် ပွဲတော်ထဲမှာ မပါပေ။ သြင်္ကန်ကာလ ဖျော်ဖြေရေး အစီအစဉ်များကို သဘောကျပေမယ့် ရေစိုစို ကြီးနှင့် နေရသည်ကိုတော့ မကြိုက်ပေ။ ငယ်စဉ် ကလေးဘဝတုန်းကတော့ ရေဆော့ကစားရတာကို ကြိုက်ပေမယ့် တဖြည်းဖြည်း အသက်အရွယ်ရလာတော့ ရေကစားရသည်၊ ရေစိုသည်ကို မကြိုက်တော့ပေ။ ထို့ကြောင့်ပင် နောက်ပိုင်း သြင်္ကန်ကာလ အချိန်အခါဆိုလျှင် ဘယ်မှ မသွား၊ မလည်ဘဲ အိမ်မှာပင် အိမ်တွင်း အောင်းဖြစ်၏။
သို့ပေမယ့် နောက်ပိုင်း နှစ်ကာလများမှာတော့ သြင်္ကန်ကာလ ဆိုလျှင် လူက တခု မဟတ် တခု ဖြစ်တော့၏။ မှတ်မှတ်ရရ ပြီးခဲ့သော်သြင်္ကန်တုန်းက သြင်္ကန် တတွင်းလုံး ဖျားနေခဲ့၏။ သြင်္ကန်ပြီးမှပဲ သက်သာတော့၏။ ဆေးခန်းသွား ဆေးထိုးခြင်းကိုတောင် (၂) ကြိမ် လုပ်လိုက်ရ၏။ အကျိုးအမြတ်အနေနှင့်တော့ ဇာတ်ကားတွေ တော်တော်များများ ကြည့်ခွင့် ရလိုက်၏။ လွန်ခဲ့သော် (၃) နှစ်လောက်က သြင်္ကန်မှာလည်း တခု ဖြစ်လိုက်သေး၏။
ထိုနှစ်ကတော့ mdy မှာ သြင်္ကန်သွားလည်ခြင်း ဖြစ်၏။ နာမည်ကြီးပြီး အစဉ်အလာရှိသည့် mdy သြင်္ကန်ကို လည်ဖူးသည်ရှိအောင် သွားလည်လိုက်ခြင်း ဖြစ်၏။ ရေပက်ခံထွက်ရင်း သြင်္ကန် အကြတ်နေ့လောက်မှာ နားအူသွား၏။ နားတဖက် မကြားရတော့။ ရေတွေများ ဝင်သွားလို့လားပေါ့။ နှစ်ဆန်းတရက်နေ့ ရောက်မှသာ ဆေးရုံသို့ သွားပြရ၏။ ဘာမှ ကြီးကြီး မားမား မဟုတ်ပေ နားထဲ ရေဝင်ပြီး (ကန်တော့) နာဖာချီးတွေနှင့် ပိတ်ပြီး နားအူသွားခြင်း ဖြစ်၏။
အညစ်အကြေးများ ဖယ်ရှားပြီးသွားသည့် နောက်မှာတော့ အဆင်ပြေသွားခဲ့၏။ မှတ်မှတ်ရရ ပြောရလျှင် ထိုသြင်္ကန်ကစပြီး သြင်္ကန်ရောက်တိုင်း ကျနော် တခုမဟုတ် တခု ဖြစ်တော့၏။ ဒီနှစ်သြင်္ကန်မှာလည်း ဖြစ်ပြန်၏။ ကန်တော့ ဝမ်းသွား နေခြင်းဖြစ်၏။ ဝမ်းလျှောနေသည်ဟု ပြောရအောင်ကလည်း အခက်၊ လျှောတော့ မလျှော သို့ပေမယ့် ဝမ်းသွားတာ စိတ်နေ၏။ ပိုဆိုးတာက ဝမ်း၏ အရောင် ဖြစ်၏။ ဒီအချိန်က ဆေးရုံ ဆေးခန်းသွားဖို့ကလည်း မလွယ်လှပေ။ ထို့ကြောင့် အိမ်မှာ ရှိသည့် ဖြေဆေး၊ ဓါတ်ဆား အစရှိသည်တို့ကိုပဲ ရှာပြီး သောက်နေရ၏။
ဘာမှလည်း အစားမမှားပေ။ ဘယ်ကနေ ဘယ်လို စဖြစ်မှန်းကိုလည်း မသိပေ။ သြင်္ကန်အကြိုနေ့က စဖြစ်သည်ဟု ပြောလို့ ရ၏။ ခုထိုတော့ မသက်သာသေးပေ။ ထူးဆန်းသည်က ဗိုက်မနာနေပေ။ အစားအသောက်တော့ အနည်း ပျက်ချင်ချင်ဖြစ်၏။ ကျနော်က အစာအိမ် အခံ ရှိသူ ဖြစ်သဖြင့် နည်းနည်းတော့ စိတ်ပူ၏။ ရက်ပိုင်းလောက်တော့ ဆေးသောက်၊ ဓါတ်ဆားသောက်ရင်း ကုသကြည့်ရပေလိမ့်ဦးမည်။ သြင်္ကန်နှင့် ကံစပ်ပုံပြောပါတယ်။