ခုတလော ဂိမ်းသိပ် မကစား ဖြစ်ပေ။ ယခင်ချိန်တုန်းကတော့ အတော်လေး ကစား ဖြစ်၏။ တနေ့ကို တနာရီကျော်လောက် နေ့စဉ် ကစား ဖြစ်၏။ ငစစ် ကာလမှာမှ မကစား ဖြစ်တော့ခြင်း ဖြစ်၏။ ယခင် ကစားနေခဲ့သည့် ဂိမ်းအစား အခြား ဂိမ်းတခုကိုတော့ နေ့စဉ် ကစား ဖြစ်၏။ ယခင်က ပုံမှန် ကစားပြီး ခု သိပ် မကစား ဖြစ်သော ဂိမ်းက Mobile Legends ဂိမ်း ဖြစ်၏။ ခုတော့ နှစ်ရက်၊ သုံးရက် နေမှ တခါ၊ ခဏ လောက်သာ ကစား ဖြစ်တော့၏။
Magisk module တွေက ph ကို customize လုပ်ဖို့ tweak တွေ လုပ်ဖို့ တင်သာမက ဂိမ်း အတွက်ဆိုပြီး module တွေလည်း ထွက်၏။ အများစုကတော့ ML (mobile Legends) နဲ့ PUBG တို့ အတွက် ဖြစ်၏။ တခြား နိုင်ငံတွေမှာတော့ မသိပေမယ့်၊ ကျနော်တို့ ဆီမှာက ထို ဂိမ်း နှစ်ခုကို ကစားသူ ပိုများကြ၏။ ကျနော်လည်း ML မကြာခဏ ကစားလေ့ ရှိသူဆိုတော့ ML နဲ့ ပတ်သက်သည့် Magisk module တွေ စမ်းသုံး ကြည့်ဖူး၏။ ဘာထူး သွားလဲ ဆိုက ကျနော်ပဲ သတိ မထားမိတာလားတော့ မသိ။ သိပ် မထူးသွားဘူးဟု ခံစားမိ၏။
နို့ပေမယ့် စိတ်ထဲမှာတော့ ငါ ML နဲ့ ပတ်သက်တဲ့ Magisk module သွင်းထားတယ်ကွ ဆိုသည့် feeling မျိုးတော့ ရ၏။ mobile Legends stabilizer နဲ့ mobile Legends performance ဆိုသည့် Magisk module နှစ်ခု သုံးကြည့်ဖူး၏။ Ml နဲ့ ပတ်သက်ပြီး performance တွေ ပိုကောင်းပြီး၊ ping လည်း ငြိမ်သည်လို့တော့ ပြော၏။ ping ကတော့ မိမိ internet line နဲ့လည်း ဆိုင်၏။ မိမိ internet line က မကောင်းရင်တော့ ping မငြိမ်၊ များနေပေလိမ့်မည်။
ဂိမ်း အားလုံး အတွက်လို့ ဆိုထားသည့် eSports gaming Magisk module လည်း သွင်းကြည့်ဖူး၏။ ထုံးစံ အတိုင်း ကျနော့် စိတ်ကြောင့်ရယ်ပဲလား မသိ၊ သိပ် မထူး သလိုပင်။ မနေ့ကတော့ တခု ထပ်တွေ့၏။ အညွှန်းတွေကတော့ ကြောက်ဖို့ ကောင်းလောက်အောင် မိုက်၏။ Android phone မှာကို iphone သုံးနေရသလိုမျိုး ခံစားနေရမည်ဟု ဆိုထား၏။ module နာမည်က GODSPEED BIONIC NEXT GEN - GSMxBNG MAGISK ဖြစ်၏။ နာမည်နဲ့တင် ရှိန်ချင်စရာ။ သူ့မှာ ပါသည့် feature တွေကလည်း များ၏။ အကုန်လုံး ရမရတော့ မပြောတတ်ပေ။
အညွှန်းတွေက ကောင်းလွန်းနေတော့ စမ်းကြည့်မယ်ဆိုပြီး download ဆွဲလိုက်၏။ size က သေး၏။ 2 MB လောက်သာ ရှိမည်။ နို့ပေမယ့် ဂိမ်းနဲ့ ဆိုင်သည့် အခြား module တွေထက်တော့ size များ၏။ အခြား ဂိမ်း module တွေက KB လောက်သာ ရှိသည်ကိုး။ အခြား ဂိမ်း boost module တွေကို ဖြုတ်ချပြီး သူ့ကို သွင်းလိုက်၏။ iphone လို သုံးလို့ ကောင်းလာ၊ မလာကတော့ သုံးကြည့်ရပေလိမ့်ဦးမည်။
40 Days (10)