EPL Round 33 ပွဲစဉ်များ စနေနှင့် တနင်္ဂနွေနေ့များမှာ ကစားမည် ဖြစ်၏။ အင်္ဂါနေ့မှာ ၁ ပွဲ ကစားမည် ဖြစ်၏။ Crystal Palace vs West Ham ပွဲစဉ် ဖြစ်၏။ အစောဆုံး ပွဲစဉ်အဖြစ် Brentford vs Fulham တို့ ယနေ့ ညနေ ၆ နာရီတွင် ကစားမည် ဖြစ်၏။ ထူးထွေ အမှတ်လိုနေသည့် အသင်းတွေတော့ မဟုတ်ပေ။ Brentford အနေဖြင့် Conference League ဝင်ရောက် ကစားခွင့် မှန်းထားမယ်ဆိုရင်တော့ ယခုပွဲစဉ်ကနေ အမှတ်ရအောင် ယူထားသင့်၏။ Brentford က အဆင့် ၇ မှာ ရပ်တည်နေ၏။ အဆင့် ၆ မှာ Chelsea က ၁ မှတ်အသာဖြင့် ရပ်တည်နေ၏။
Chelsea က ဒီတပတ် United နဲ့ တွေ့ဆုံနေတာမို့ မတော်တဆ အမှတ် ဆုံးရှုံးမှု ဖြစ်ခဲ့သော် ကိုယ်က အမှတ်ရထားရင် ကျော်တက်နိုင်တာပေါ့။ အိမ်ကွင်းဆိုတော့ Chelsea အနေဖြင့် United ကို ဘယ်သို့ ဘယ်ပုံ ဒုက္ခ ပေးသွားနိုင်မလဲက စောင့်ကြည့်ရပေလိမ့်ဦးမည်။ ပြီးခဲ့သော တပတ်က City ကို လျော့ပေးလိုက်တာလား အမှန်တကယ်လား ဆိုတာကို ဒီတပတ်မှာ သိရမည် ဖြစ်၏။ United အနေဖြင့်လည်း Chelsea ကို အသာစီး ရယူထားနိုင်မှ အနီးကပ် ဖိအားပေးနေသည့် Aston Villa ကို အမှတ် ပြန်ဖြတ်ထားနိုင်ပေလိမ့်မည်။ Chelsea အနေဖြင့် UCL မျှော်လင့်ချက် ကျန်ရှိနေသေးသည်မို့ ကြည့်ကောင်းမယ့် ပွဲတပွဲပင်။ Chelsea vs United ပွဲစဉ်ကို နက်ဖြန် တနင်္ဂနွေနေ့ မနက် ၁ နာရီခွဲမှာ ကစားမည် ဖြစ်၏။
Brentford vs Fulham ပွဲပြီး နောက်ထပ် ပွဲစဉ်ကတော့ Leeds vs Wolves ၏ ပွဲစဉ် ဖြစ်၏။ Leeds အနေဖြင့် ရှေ့တပတ်မှာ United ကို ၁-၂ ဖြင့် အနိုင်ရပြီး တန်းဆင်းဇုန်နဲ့ ဝေးရာ နေရာမှာ ရပ်တည်နေ၏။ ခုတပွဲကိုသာ ထပ်နိုင်လိုက်ရင် ပိုပြီး စိတ်ချ သေချာမှာမို့ သေချာ အားစိုက်သွားဖို့ ရှိနေ၏။ New Castle vs Bournemouth ပွဲစဉ်ကတော့ Bournemouth တို့ စံချိန် ဆက်ထိန်းထားနိုင် မထိန်းထားနိုင် ကြည့်ရမယ့် ပွဲစဉ် ဖြစ်၏။ EPL မှာ ၁၂ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ဖြင့် ခရီးဆက်နေ၏။ ပြီးခဲ့သော တပတ်မှာလည်း Arsenal ကို သူတို့ ဒုက္ခ ပေးခဲ့ကြသေးသည် မဟုတ်လား။ Arsenal ကို ၁-၂ ဖြင့် အနိုင်ရပြီး ချန်ပီယံ ပြေးလမ်းကို ကသိကအောက် ဖြစ်အောင် လုပ်ထား၏။
စနေနေ့ရဲ့ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းသည့် ပွဲစဉ်ကတော့ Tottenham vs Brighton ပွဲစဉ် ဖြစ်၏။ Tottenham အနေဖြင့် ကျဉ်းထဲ ကြပ်ထဲ ရောက်နေပြီ ဖြစ်၏။ အိမ်ကွင်းလေ Brighton ကို တီးထုတ် လိုက်လို့ရတယ်ဟု ပြောလိုက်ရအောင်လည်း အရင်လို အခြေအနေ မဟုတ်တော့ပေ။ Tottenham က မနှစ်ကစလို့ EPL မှာ အခြေအနေ အတော်ဆိုးခဲ့၏။ မနှစ်က တန်းဆင်းဇုန် အထက်မှာ အဆင့် ၁၇ ဖြင့် ရာသီ သိမ်းခဲ့၏။ ဒီနှစ်မှာတော့ တန်းဆင်းဇုန် အဆင့် ၁၈ ရောက်နေခဲ့၏။ မနှစ်က Europa League ဖလားနှင့် cover လုပ်လို့ရသေး၏။ ဒီနှစ်က ပြစရာ၊ ကယ်စရာ ဘာမှ မရှိနေပေ။
Tottenham အနေဖြင့် ခု အခြေအနေထိ ရောက်သွားမယ်လို့ ထင်မှတ် မထားခဲ့ပေ။ အသင်းခေါင်းစဉ် Kane တယောက် Bayern Munchen သို့ ထွက်ခွာ သွားပြီးနောက်မှာ သူတို့ စတင် ရုန်းကန်ခဲ့ရ၏။ Sonny တယောက်ထဲ ဒီအသင်းအတွက် ခေါင်းခံ ဦးဆောင်ပေးခဲ့၏။ United fan ပေမဲ့ မနှစ်က Tottenham တို့ Europa League ဖလား ရတော့ Sonny အတွက် ဝမ်းသာ ဂုဏ်ယူမိ၏။ Sonny လည်း ထွက်သွားရော Tottenham အပေါ် သံယောဇဉ်က မရှိတော့ပေ။ သို့ပေမဲ့ လန်ဒန်မြို့၏ အသင်းကြီး တသင်းအနေဖြင့် တန်းဆင်းသွားရမယ်ဆိုရင် အဆင်မပြေပေ။ လက်ကျန် ၃ ပွဲလေးကို သေချာ အားစိုက်လိုက်ရင် EPL မှာ ရှင်သန် တင်ကျန်နိုင်ပေလိမ့်မည်။ Tottenham ရေ Fighting.
(photos from Premier League Page)