Congratulations PSG and Well play Arsenal

Words
213
Reading
1 min
Listen
Play
4M

ဥရောပ ဘုရင် လုပွဲကြီးကတော့ ပြီးသွားခဲ့ပြီ။ ဗိုလ်လုပွဲမို့ ပွဲကောင်း ၁ ပွဲဟု ပြောလို့ရ၏။ သို့ပေမဲ့ တဖက်က တိုက်စစ်၊ တဖက်က ခံစစ် ဆိုတော့ ပွဲက ကြည့်ရတာ နည်းနည်း ပျင်းဖို့ ကောင်း၏။ PSG vs Bayern Munich ဆီမီးဖိုင်နယ် ပထမကျော့‌လို ရင်ခုန် စိတ်လှုပ်ရှားဖို့ မကောင်းပေ။ ၅-၄ ဂိုးနဲ့ အတော်လေး အကြိတ်အနယ် ရှိခဲ့သည့် ပွဲ ဖြစ်၏။ တော်တော်များများက အဲ့ပွဲကို ဗိုလ်လုပွဲ လုပ်လိုက်ပါလားဟု ပြောကြသည် အထိပင်။

ပြောလည်း ပြောချင် စရာကိုး တဖက် ဆီမီးဖိုင်နယ်က Arsenal vs Atletico Madrid ပွဲက အတော်လေး ပျင်းဖို့ ကောင်းသွားသည်ကိုး။ ပရိတ်သတ်တွေကတော့ ဂိုးတွေ အပြိုင်အဆိုင်သွင်းပြီး အပြန်အလှန် တိုက်စစ်ဆင် ကစားတာကို ကြည့်ရှုလိုကြသည် မဟုတ်လား။ ဗိုလ်လုပွဲရောက် ၂ သင်း ပေါ်ထွက်လာပြီး ကတည်းက တိုက်စစ်နဲ့ ခံစစ် အားပြိုင်မယ့်ပွဲဆိုတာကို အားလုံး သိပြီး ဖြစ်၏။

ဖြစ်ချင်တော့ ပထမပိုင်း ၆ မိနစ်မှာ ကတည်းက Arsenal တို့ ဦးဆောင်ဂိုး စတင် ရရှိသွား၏။ ထို့နောက်မှာတော့ အပြန်အလှန် ထိုးဖောက်မှုတွေ မတွေ့ရတော့ဘဲ PSG ကသာ ပွဲချိန် အများစုကို လွှမ်းမိုးထားခဲ့၏။ ကွင်းတခြမ်းထိကို ဖိကစားထားနိုင်သည် အထိပင်။ ပထမပိုင်းမှာ PSG တို့ ချေပဂိုး ပြန်သွင်း ယူနိုင်ခြင်း မရှိသလို Arsenal ကလည်း ဂိုး ထပ်မသွင်း နိုင်ပေ။

ဒုတိယပိုင်းမှာလည်း PSG ကသာ တဖက်သတ် ဖိကစားခဲ့၏။ ၆၅ မိနစ်မှာတော့ ပင်နယ်တီ မှတဆင့် PSG တို့ ချေပဂိုး သွင်းယူသွားခဲ့၏။ ထို့နောက်မှာ PSG ကသာ ပွဲကို ဆက်လက် ဦးဆောင် ကစားခဲ့၏။ သို့ပေမဲ့ အနိုင်ဂိုး သွင်းယူခြင်းငှာ မစွမ်းဆောင်နိုင်ခဲ့ပေ။ နောက်ဆုံးမိနစ်မှာ ရသည့် အခွင့်အရေးကို အသုံးမချနိုင်သောကြောင့် မိနစ် ၉၀ ပြည့်ချိန်မှာ ၁-၁ သရေနဲ့ ပွဲပြီးသွားသဖြင့် အချိန်ပို ထပ်ကစားရ၏။

အချိန်ပိုမှာတော့ Arsenal တို့ ခံစစ်အစား တိုက်စစ် ဖွင့်ကစားသဖြင့် ပွဲက မြိုင်မြိုင်ဆိုင်ဆိုင် ပြန်ဖြစ်လာခဲ့၏။ အချိန်ပို ပထမပိုင်း ၁၅ မိနစ်မှာတော့ ဘယ်သူ့ ဘယ်သူမှ ဂိုး မသွင်းနိုင်ကြပေ။ ဒုတိယပိုင်း ၁၅ မိနစ်မှာလည်း မသွင်းနိုင်ကြပေ။ ထို့ကြောင့် ပင်နယ်တီ အဆုံး အဖြတ် ယူ၏။ ပင်နယ်တီမှာ PSG က ၄-၃ ဖြင့် အနိုင်ရသွားခဲ့၏။

အကောင်းဆုံး တိုက်စစ်နဲ့ အကောင်းဆုံး ခံစစ် အားပြိုင်မှုမှာ အကောင်းဆုံး ခံစစ်က အသာရသည်ဟု ပြောလို့ရ၏။ PSG ၏ တောက်လျောက် ဖိအားပေးမှူကို Arsenal တို့ အကောင်းဆုံး ခုခံနိုင် ခဲ့၏။ သို့ပေမဲ့ ပင်နယ်တီ အဆုံးအဖြတ် မှာတော့ ကံတရားနှင့်လည်း ဆိုင်သွားခဲ့လေပြီ။ PSG အနေဖြင့် ၂ နှစ်ဆက် ချန်ပီယံ ဆိုသည့် မှတ်တမ်းကို ရေးထိုးသွားနိုင်ခဲ့ပြီ ဖြစ်၏။

(photos from UCL page)

Congratulations PSG and Well play Arsenal | Ecency