Are You Ready for Quarter-Finals Matches

Words
207
Reading
1 min
Listen
Play
2M

၂၀၂၆ ကမ္ဘာ့ ဖလား အ‌နေဖြင့် ၁၆ သင်း အဆင့် ပွဲစဉ်များ ပြီးလို့ ကွာတားဖိုင်နယ် အဆင့်သို့ ရောက်လာခဲ့ပြီ ဖြစ်၏။ ကွာတားဖိုင်နယ် အဆင့် ပွဲစဉ်များကို သောကြာနေ့မှာ စတင် ကစားမည် ဖြစ်၏။ မြန်မာစံတော်ချိန် အရ ထုံးစံအတိုင်း မနက်အစောတွေချည်းပင်။ July 10,11,12 ရက်နေ့များမှာ ကစားမည် ဖြစ်၏။ မနက် ၂ နာရီခွဲ၊ ၁ နာရီခွဲ၊ ၃ နာရီခွဲ နှင့် ၇ နာရီခွဲချိန်များမှာ ကစားမည် ဖြစ်၏။ ကောင်းရော။

ကျနော် အိပ်ချိန် ထချိန်တွေ အရဆို ကွာတား ၄ ပွဲမှာ ၁ ပွဲတော့ ကောင်းကောင်း ကြည့်လို့ရမည် ဖြစ်၏။ ၁၂ ရက်နေ့ မနက် ၇ နာရီခွဲ ကစားမယ့် Argentina ပွဲ ဖြစ်၏။ ၄ နှစ်မှ တကြိမ် ကြည့်ရတာ အိပ်ပျက်ခံလိုက်၊ ထကြည့်လိုက်ပါလားဟု မိတ်ဆွေတို့ ပြောကောင်း ပြောကြပေလိမ့်မည်။ ဟိုးယခင်လို စိတ်မျိုး၊ ငယ်ရွယ်မှုမျိုးနဲ့ ဆိုရင်တော့ ကြည့်ကောင်း ကြည့်ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ယခု အသက်အရွယ် ယခုလို အချိန်မျိုးမှာတော့ အိပ်ရေးဝဖို့ပဲ အလေးထားတော့၏။

ထိုသို့ ပြောထားပေမဲ့လည်း ကြားထဲ အကြောင်းအခွင့် တိုက်ဆိုင်ရင်တော့ ကြည့်ဖြစ်ပေလိမ့် ဦးမည်။ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ် ပွဲစဉ်များကိုတော့ သေချာပေါက် ကြည့်ဖြစ်ပေလိမ့်မည်။ မနက် ၁ နာရီခွဲချိန်တွေဆိုတော့ အင်း အိပ်ရေးပျက်လည်း ပျက်၊ ၃ ပွဲပဲ မလား။ တတိယလုပွဲကြ မနက် ၃ နာရီခွဲဆိုတော့ ခက်ပြန်ရော။ ကမ္ဘာကြီးရဲ့ တဖက် တခြမ်းစီ ဆိုတော့ ပွဲချိန်တွေက တကယ့်ကို ကိုးလို့ကန့်လန့်တွေနဲ့။

ကမ္ဘာ့ဖလားမှာ ဘယ်အသင်း အားပေးလဲ မေးက ကောင်းတဲ့ အသင်းဟုသာ ဖြေရပေလိမ့်မည်။ အကြိုက်ရယ်လို့ မရှိ။ ယခင်က England အားပေးခဲ့၏။ နောက်တော့ Portugal ထို နှစ်သင်း လွန်တော့ ဘယ်အသင်းဆိုပြီး စွဲစွဲမြဲမြဲ မထားတော့ဘဲ ကောင်းတဲ့ ပွဲ၊ ကောင်းတဲ့ အသင်းဆို အားပေးလိုက်တာပါပဲ။ အသင်းစွဲ မထားတော့တဲ့ နောက်ပိုင်းမှာ အတော်လေးကို နားအေး ပါးအေး ရှိသွားခဲ့၏။

ကွာတားဖိုင်နယ် ပွဲစဉ်တွေ အရ France vs Morocco, Spain vs Belgium, Norway vs England, Argentina vs Switzerland တို့ တွေ့ဆုံ ယှဉ်ပြိုင်ကြမည် ဖြစ်၏။ ဒီ ပွဲစဉ် ၄ ပွဲထဲ အကြိုက်ဆုံး ရွေးပေးဆို France vs Morocco ပွဲစဉ်ကို ရွေးချယ်ဖြစ်ပေလိမ့်မည်။ ဒီပြိုင်ပွဲမှာ France ၏ ကစားပုံက အတော်လေး ကောင်းလှ၏။ ထို့အတူ Morocco ၏ အသင်းလိုက် စုစုစည်းစည်း ကစားပုံကလည်း ရှေ့ကမ္ဘာ့ဖလားပြိုင်ပွဲထက် ပို၍ ကောင်းလာ၏။ ဒီနှစ်သင်း ကွာတားဖိုင်နယ် အဆင့်မှာ စောစီးစွာ တွေ့တာကတော့ နှမြောစရာပင်။

(photos from FIFA World Cup page)