အိမိပြန်ချိန်

Words
111
Reading
1 min
Listen
Play
8y

image

အိမ်ပြန်ချိန်

..... ..... ..... ..... .....

သံပတ်ပေး
ပုံမှန်ခြေလှမ်းတွေနဲ့
ငါ့နေ့တွေ ကုန်ဆုံးတယ်

အအိပ်အနေမမှန်တဲ့ လေပြေ
ငါဟာ
အိပ်တန်းတက် နောက်ကျတဲ့ ကြယ်

မာကျူရီမီးတွေ ပိတ်လိုက်စမ်းပါ
ခင်ဗျား နှလုံးသားရဲ့
ထွန်းလင်းနိုင်မှုကို
သံသယ ဝင်နေတာလား

အချိန်တန်ရဲ့သားနဲ့
အိမ်မပြန်တာဆိုလို့
ငါနဲ့ ကြယ်တွေပဲ ရှိတယ်

မျှော်လင့်ခြင်းတွေကို
ခပ်ဝေးဝေး ပစ်လိုက်စမ်းပါ
ပြန်ရှာတွေ့နိုင်ပါတယ်ဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ပေါ့

တယောက်အိပ်မက်ကို တယောက်
ရန် မရှာကြေး
ဝင် မစွက်ဖက်ကြေး
ဘဝတခုကို ဘဝတခု
လောင်းကြေးထပ်
ဝှက်ထားတဲ့ ဖဲချပ်တွေ ထုတ်လိုက်စမ်းပါ

ကံကြမ္မာ စေလိုရာစေ ဆိုပြီး
ကိုယ့်ဘဝကို ထိုးကျွေးချင်သူတွေနဲ့
ငါ စကားမပြောချင်ဘူး

တယောက်တည်းနေ
တစိတ်တည်းထားဖို့
ငါ ...
ပါရမီ မရင့်သန်သေးဘူး

ကောင်းကင်က ကြယ်တွေ အားလုံး
မြေပေါ်ဆက်းသက်ခဲ့ရင်
ဖြန့်ခံထားဖို့
ငါ့ရင်ခွင်ကို လုံးဝ ရှင်းလင်းထားတယ်

လူတွေအားလုံး ဝိုင်းဝန်းဖယ်ကျင်ထားတဲ့အရပ်ကို
ပတ်ဝန်းကျင်လို့ ခေါ်တယ်
(ကြယ်ပန်းလေးတွေက အဲ့အရပ်မှာပဲ ပွင့်တယ်)

နှလုံးသား တံခါးတွေကို ပိတ်ထားသရွေ့
ပြောဆိုဆက်ဆံမှုတွေဟာ
သံခင်းတမန်ခင်း
ဆန်နေဦးမှာပဲ
(သူစိမ်း ဆန်ဆန်ပေါ့)

တကယ်ပါ...
တခါတလေ
တကယ်ကို တခါတလေ
ငါအိမ်ပြန် နောက်ကျခဲ့မယ်ဆိုရင်
မစောင့်ကြပါနဲ့
တံခါးခေါက်ဖို့
ငါ့မှာ နှလုံးသား ရှိတယ်
သိပ်ကို ဖြူစင်ပြီး သပ်ရပ် ရိုးစင်းတဲ့ နှလုံးသား ပေါ့

သိဟ် (သုတ)

ကျတော်၏ ကဗျာ ကလောင် အမည်မှာ သိဟ် (သုတ) ဖြစ်၏။

image

Don Jaun

MSC 31

အိမိပြန်ချိန် | Ecency