မင်္ဂလာပါ Steemit မှ မိတ်ဆွေများနှင့် ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဟု ဦးစွာပထမဂါရ၀ပြုနှုတ်ဆက်ပါရစေခင်ဗျာ-
Image Credit Souce
မနေ့ကကျွန်တော်တို့အိမ်ရဲ့နှစ်အိမ်ကျော်မှ မနက်အစောကြီး ဆူဆူညံညံအသံများကြား၍ ကျွန်တော်လည်းဘာများဖြစ်ပါလိမ့်ဟု စိတ်ဝင်တစားဖြင့် အပြင်ကိုထွက်ကြည့်မိလေသည်။ထိုအချိန်တွင် ကျွန်တော်တို့ပတ်ဝန်းကျင်ရဲ့ လော်စပီကာကြီး ဒေါ်ကျင်လှနှင့် ခြံချင်းကပ်အရီးလေးဒေါ်တင်စိန်တို့ စကားအချေအတင်များပြီး မကြားဝံ့မနာသာများပြောဆိုနေကြခြင်းဖြစ်ပါသည်။ဘာတွေကြောင့်များ ဒီလောက်တောင် အော်ကြီးဟစ်ကျယ်ပြောနေကြပါလိမ့်ဆိုတာကိုတော့ ကျွန်တော်လည်းဆက်မတွေးချင်ပါသဖြင့် ကျွန်တော်လည်းအိမ်သို့ပြန်ဝင်လာကာ ကိုယ်လုပ်စရာရှိသည်များကို လုပ်ကိုင်နေခဲ့ပါတော့သည်။
Image Credit source
ဒီနေရာမှာတော့ လော်စပီကာဒေါ်ကျင်လှအကြောင်း နည်းနည်းမိတ်ဆက်ပေးလိုက်ပါမယ်။ဒေါ်ကျင်လှက သူရထားတဲ့ လော်စပီကာဆိုတဲ့ဂုဏ်ပုဒ်ကို တော်ရုံစကေးနဲ့ လက်ခံရရှိထားခြင်းတော့မဟုတ်ခဲ့ပါ။သူကတော့လော်စပီကာဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ စကားပြောလျှင် မြောက်ကြွမြောက်ကြွနဲ့ အသံအကျယ်ကြီးဖြင့်ပြောဆိုတတ်လေ့ရှိသူတစ်ယောက်ပါ။ကျွန်တော်တို့ပတ်ဝန်းကျင်တွင် ဒေါ်ကျင်လှ မိမိတို့အိမ်များသို့လာပြီဆိုလျှင်တော့ ပြောနေဆဲစကားဝိုင်းများလမ်းကြောင်းပြောင်းသွားလေ့ရှိကြပါသည်။မပြောင်းလို့လဲ မဖြစ်ပါ အရေးကြီးသော အကြောင်းအရာများဖြစ်နေလျှင် ဒေါ်ကျင်လှပါးစပ်နဲ့တွေ့လို့ကတော့ ရွာဆော်ငှားစရာမလိုဘဲ တစ်ရွာလုံးအလိုအလျောက်သိပြီးသားဖြစ်သွားလေ့ရှိတတ်လို့ပါ။ဒေါ်ကျင်လှက အားအားရှိ အိမ်နီးနားချင်းများထံသို့ သွားရောက်ကာ ဘယ်ကဘယ်လိုရလာမှန်းမသိသော မှန်သောသတင်းရော မမှန်သော သတင်းများရောအကုန်လက်ဆောင်လာပေးလေ့ရှိပြန်ပါတယ်။သူကအခုလို သွားရောက်ဝါဒဖြန့်နေရရင်ဘဲ အိမ်ကအလုပ်များကို ပစ်ထားကာအချိန်များစွာတို့ကို ဖြုန်းတီးနေလေ့ရှိသူတစ်ယောက်ပါ။
Image Credit Source
လော်စပီကာဒေါ်ကျင်လှတစ်ယောက် အခုလိုလာရောက်လည်ပတ်သည်က အကြောင်းမဟုတ်ပါ။အိမ်နီးနားချင်းများက ဘယ်သူနဲ့များဘာတွေလိုက်ဖြေရှင်းရပြန်မည်လဲဟုဆိုကာ ရင်တထိတ်ထိတ်ဖြင့် နေခဲ့ရသည်က အကြိမ်ပေါင်းမနည်း။ဒေါ်ကျင်လှက အခုလိုမဟုတ်မကပြောလေ့ရှိပေမယ့်လည်း အိမ်နီးနားချင်းများတွင် အကြောင်းအရာတစ်ခုခုရှိလာပြီဆိုလျှင် ရှေ့ဆုံးက ရောက်လာတတ်သူပါ။သူကပြောလည်းပြော လုပ်လည်းလုပ်တတ်သူတစ်ယောက်မို့ အိမ်နီးနားချင်းတွေက သူ့အကြောင်းကိုသိနေတော့ သိပ်တော့သူစိမ်းမဆန်ခဲ့ကြပါ။
အခုလည်း ဒေါ်ကျင်လှနှင့်အရီးလေးဒေါ်တင်စိန်တို့စကားများကြခြင်းမှာ ဒေါ်ကျင်လှကသူ့ရဲ့ ကြက်ပေါက်ကလေးများကိုသေချာစွာ ခြံထဲမထည့်ထားဘဲ အရီးလေးဒေါ်တင်စိန်ရဲ့ ပန်းပင်များကိုသွားယက်လိုက်ခြင်းကြောင့်ဖြစ်ကြောင်း လော်စပီကာဒေါ်ကျင်လှက ကျွန်တော်တို့အိမ်တွင် အဘွားကိုဖောက်သည်လာချပြန်ရော။ကျွန်တော့အဘွားကလည်း ဒေါ်ကျင်လှကြက်တွေကိုသေချာထိန်းသိမ်းထားပေးဖို့ အိမ်နီးနားချင်းတွေစကားမများကြဖို့ ပြောဆိုဆုံးမနေတာတွေတွေ့ရပါတော့တယ်။
ယခုဖြစ်သည့်ကိစ္စတွင် ကျွန်တော့အမြင်ကိုပြောပြရရင်တော့ လော်စပီကာဒေါ်ကျင်လှနှင့်အရီးလေးဒေါ်တင်စိန်တို့နှစ်ယောက်လုံးက အတ္တစိတ်တွေကြောင့် ဖြစ်ပွားကြသည်ဟုထင်မြင်မိပါသည်။ဘာကြောင့်အခုလိုပြောရသလဲဆိုတော့ သူတို့နှစ်ယောက်က နဂိုကတည်းခြံချင်းကပ်လည်းဖြစ်ကြတယ်။သူတို့နှစ်ယောက်လုံးကလည်း လောဘကြီးတဲ့သူတွေဖြစ်ကြပြန်တယ်။ထို့ကြောင့်သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင်လို့မဖြစ်ကြ။တွေ့တာနဲ့ စကားများကြသည်ကများသည်။အရင်ကဒေါ်ကျင်လှက သူတို့ခြံဝင်းအတွက် ခြံစည်းရိုးများကာသည့်အခါ အရီးလေးဒေါ်တင်စိန်က သူ့ဘက်ကိုအပိုယူကာသည်ဟုဆိုကာ စကားများဖူးခဲ့ကြပါသည်။ထိုအချိန်ကတည်းက သူတို့နှစ်ယောက်သည် ဘယ်လိုမှနားလည်မှုမပေးနိုင်တော့ဘဲ အတ္တစိတ်တွေပိုများကာ တစ်ယောက်နှင့်တစ်ယောက်အမြဲ အငြိုးအတေးတွေထားနေကြသူများဖြစ်သည်။
ယခုလည်းလော်စပီကာဒေါ်ကျင်လှရဲ့ ကြက်ပေါက်လေးတွေယက်လို့ အရီးလေးဒေါ်တင်စိန်ရဲ့ပန်းပင်တွေလည်း အခြေအနေဆိုးလောက်အောင် ပျက်စီးသွားခြင်းမျိုးမဟုတ်ပါ။ဒါကိုပင်တစ်ယောက်နှင့်တစ်ယောက်အော်ကြီးဟစ်ကျယ်စကားများကြသည်။ကျွန်တော်လည်း သူတို့စကားများရခြင်းအကြောင်းကို ကြားသိပြီးနောက် စဉ်းစားမိသည်ကတော့ လူတွေရဲ့စိတ်တွေဟာ အတ္တစိတ်တွေကြောင့် လောဘ ၊ ဒေါသ ၊ မောဟတွေဖုံးလွှမ်းကာ စိတ်များဖြူစင်သန့်ရှင်းမနေတော့ဘဲ ညစ်နွမ်းနေသည်ဟု ခံစားမိခဲ့ရသည်။ကျွန်တော်တို့လူသားတွေရဲ့ စိတ်တွေကို ဖြူစင်သန့်ရှင်းဖို့ရန် ဆေးကြောဖို့တော့အလွန်လိုအပ်နေပေပြီ။
Image Credit Source
ကျွန်တော်တို့နေ့စဉ်ဖြတ်သန်းကျင်လည်နေကြသော နေ့ရက်များတွင် တစ်ကိုယ်ရည်သန့်ရှင်းဖို့ နေ့စဉ်ဆေးကြောမှုများပြုလုပ်လေ့ရှိကြပါသည်။ကျွန်တော်တို့လူသားများသည် ချွေးထွက်အောင်အလုပ်တစ်ခုခုလုပ်ပြီးတိုင်း ရေမိုးမချိုးဘဲမနေနိုင်ကြပါ။ထို့ကြောင့်လည်း တစ်ကိုယ်ရည်သန့်ရှင်းဖို့နဲ့ ပေါ့ပါးလန်းဆန်းသွားလေအောင် ရေမိုးချိုးပြီး သန့်စင်လေ့ရှိကြပါသည်။ဤကဲ့သို့ ချွေးထွက်လောက်အောင် အလုပ်များလုပ်ပြီး ရေမိုးမချိုးဘဲပေတေနေလျှင် အနံ့ဆိုးများထွက်လာသည်ကို မည်သူမျှခံနိုင်ရည်မရှိဘဲ ရွံရှာနေကြပါသည်။
Image Credit Source
ထိုနည်းတူစွာပင် ကျွန်တော်တို့လက်များဖြင့် ညစ်ပတ်သော အရာဝတ္ထုများကိုကိုင်တွယ်ပြီးပါကလည်း လက်များကို သန့်ရှင်းအောင် ဆပ်ပြာများဖြင့်စင်ကြယ်အောင်ဆေးကြောကြပြန်သည်။ညစ်ပတ်နေသောလက်များဖြင့် အစားအသောက်များကို စားမိလျှင် ကျန်းမာရေးထိခိုက်မည်ကို စိုးရွံ့နေကြကာ လက်များကိုစင်ကြယ်အောင်ဆေးကြောဖို့ရန်ကို အားလုံးကလိုလိုလားလားလိုက်နာကျင့်သုံးနေခဲ့ကြသည်။ညစ်ပတ်နေသောလက်များဖြင့် နောက်ထပ်အရာဝတ္ထုများကို ကိုင်မိပြန်လျှင်လည်း သန့်ရှင်းနေသော အရာဝတ္ထုများဆိုလျှင် ညစ်ပေသွားမည်ကို ကြောက်ရွံ့နေကြပြန်ပါသည်။ဤကဲ့သို့သော ကိုယ်ပိုင်ဆိုင်ထားသောအရာများကို ပျက်စီးဆုံးရှုံးမှာကိုတော့ အလွန်ကြောက်ကြသော သဘောတွင်ရှိနေခဲ့ကြပါသည်။
ကျွန်တော်တို့သည် တကယ်ဆိုလျှင် ဤအရာတွေကို သန့်ရှင်းစင်ကြယ်အောင်ပြုလုပ်သော်လည်း မိမိတို့၏စိတ်များကို သန့်ရှင်းစင်ကြယ်အောင်ပြုလုပ်ဖို့ကိုတော့ အတော်ပင်ခက်ခဲနေကြဟန်တူပါသည်။တကယ်ဆိုလျှင် နောင်သံရာတင်မက ယခုဘ၀တွင်ပင်ချမ်းသာခြင်းကို ရရှိနိုင်မည့် အခွင့်အရေးကိုတော့အားလုံးက လက်လွှတ်ခံနေကြသည်ဟု ထင်မြင်ယူဆမိပါသည်။အမှန်တကယ်လုပ်သင့်သည့် အားလုံးထက်ပိုမိုအရေးကြီးသော မိမိတို့၏စိတ်များကိုစင်ကြယ်အောင်ဆေးကြောဖို့တော့ မိုက်ရူးရဲဆန်စွာမေ့လျော့နေကြသည်။ထို့ကြောင့်လည်း တစ်ယောက်နှင့်တစ်ယောက် လောဘ ၊ ဒေါသ ၊ မောဟတွေနဲ့ညစ်ပတ်နေသော စိတ်များကြောင့် အငြိုးအတေးကြီးစွာဖြင့် သံသရာအတွက်အကြွေးများယူဆောင်ရန် ပိုမိုပြင်ဆင်လာကြသည်ဟုထင်မြင်လာမိသည်။ထို့ကြောင့် ကျွန်တော်တို့ Steemit မှ မိတ်ဆွေများနှင့် ညီအစ်ကိုမောင်နှမများလည်း သံသရာအကြွေးများ ကင်းရှင်းဖို့ရန် မိမိတို့၏စိတ်များကိုဆေးကြောဖို့အတွက် တရားဓမ္မများနှင့် စာအုပ်စာပေဆိုသည့် ဆပ်ပြာခဲများကို များများဝယ်ယူသုံးစွဲနိုင်ကြစေရန် ကျွန်တော်၏အတွေးအမြင်လေးများဖြင့်တိုက်တွန်းနှိုးဆော်လိုက်ပါရစေဗျာ။
စာဖတ်သူမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာလို့ လိုအင်ဆန္ဒတွေတစ်လုံးတစ်ခဲတည်းပြည့်စုံနိုင်ကြပါစေဗျာ။
Writter@theinzawlin
MSC - 128