မင်္ဂလာပါ Steemit မှ မိတ်ဆွေ ၊ ညီအစ်ကိုမောင်နှမများအားလုံး နှစ်သစ်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဗျာ။
Credit Images Sources-business.review.buzz.com
ကျွန်တော်တို့သည် နေထိုင်ရာပတ်ဝန်းကျင်များအလိုက် သင့်တော်ရာ ပစ္စည်းများ ၊ အစားအသောက်များကို ရောင်းချသူများထံမှ ၀ယ်ယူသုံးဆောင်စားသုံးနေကြရပါသည်။ထိုသို့ဝယ်ယူသုံးဆောင်မှုများတွင် ရောင်းချသူများထံမှ ကောင်းမွန်သော ၀န်ဆောင်မှုများကိုလည်း အမြဲမျှော်လင့်နေကြသူများဖြစ်ကြပါသည်။ကောင်းမွန်သောဝန်ဆောင်မှုကိုများကို ကိုယ်တိုင်လက်ခံရရှိခဲ့ကြပါကလည်း အခြားသူများကိုပါ အချင်းချင်းအလိုအလျောက်ကြော်ငြာပေးလေ့ရှိကြပါသည်။ဝန်ဆောင်မှုကောင်းမွန်သော ရောင်းချသူများမှာလည်း တစ်နေ့ထက်တစ်နေ့ ရောင်းအားများပိုမိုတက်လာနိုင်သည်ကို တွေ့ရှိခဲ့ကြပေမည်။ထိုသို့ကောင်းမွန်သော ၀န်ဆောင်မှုမျိုးနှင့် ဈေးနှုန်းလည်းသင့်တော်နေလျှင် မည်သူမဆို ထိုကုန်ပစ္စည်းမျိုးကို ၀ယ်ယူသုံးစွဲချင်စိတ်ကတားမရပေ။ထို့ကြောင့်ဖောက်သည်များအတွက် အရေးအကြီးဆုံးမှာ ၀န်ဆောင်မှုကောင်းမွန်ဖို့အလွန်အရေးကြီးလှပါသည်။
Credit Images Sources-zululandobserver.com.za
ထိုသို့မဟုတ်ပါဘဲ ၀န်ဆောင်မှုများညံ့ဖျင်းနေခဲ့လျှင်တော့ ကုန်ပစ္စည်းများ ဈေးနှုန်းသင့်သော်လည်း ဖောက်သည်များဝယ်ယူသုံးစွဲချင်စိတ်နည်းပါးနေခဲ့ကြပါသည်။ထိုသို့ဝန်ဆောင်မှုများကိုမူ ဖောက်သည်များမှ လက်ခံနိုင်ခြင်းမရှိကြပါ။ဝန်ဆောင်မှုကျဆင်းပြီဆိုပါကလည်း ရောင်းချသူများတွင် ရောင်းအားကျဆင်းလာမည်မှာ ပြောစရာတောင်လိုမည်မဟုတ်ပေ။ရောင်းချသူနှင့် ဖောက်သည်များတွင် ဖောက်သည်၏လိုအပ်ချက်ကို ရောင်းချသူများမှ ၀န်ဆောင်မှုများ ကောင်းမွန်စွာ ပေးဆောင်နိုင်ရန်မှာ အလိုအရေးကြီးလှပါသည်။
ကျွန်တော်ယခုရက်ပိုင်းကာလအတွင်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ၀န်ဆောင်မှုများကိုအနည်းငယ်ဖော်ပြပေးပါမည်။ကျွန်တော်တို့ သူငယ်ချင်း(၃)ယောက်သည် လွန်ခဲ့သော (၃)ရက်ခန့်က အသစ်ဖွင့်လှစ်သော လဘက်ရည်ဆိုင်တစ်ခုသို့ အားပေးရန်သွားရောက်ခဲ့ကြပါသည်။ထိုလဘက်ရည်ဆိုင်သို့ ရောက်ရှိသောအခါ ဆိုင်မှအမျိုးသမီးဝန်ထမ်းတစ်ဦးက ရောက်ရှိလာကာ မှာယူသုံးဆောင်လိုသည်များ မေးမြန်းကာ မှတ်စုကလေးဖြင့်မှတ်သားကာ ထွက်ခွာသွားပါတော့သည်။ထိုအချိန်တွင် ကျွန်တော်တို့ရဲ့ ဘေးတစ်ဘက်ဝိုင်းက လူငယ်တစ်စုမှာ အလွန်ဆူညံလျက်ရှိနေပါသည်။ပထမအစမှာတော့ ကျွန်တော်လည်း သူတို့ဘာကြောင့်ဒီလောက်ဆူညံနေပါလိမ့်ဆိုကာ စိတ်ဝင်စားသွားခဲ့ပါသည်။
Credit Images Sources-myanmar-diaries.com
ထိုစားပွဲမှ လူငယ်လေးများက အစားအသောက်တွေက ဒီနေ့စားမှာပါနော် ၊ စောင့်ဆိုင်းရတဲ့အချိန်တွေကလည်း အတော်ကြာတာဘဲဗျာ အစရှိသဖြင့် စကားသံများထွက်ပေါ်လာကြပါသည်။ဝန်ထမ်းများကို အချိန်ခဏလေးထပ်မံစောင့်ဆိုင်းပေးဖို့ ထပ်မံပြောကြားလာတာကိုလည်းတွေ့ရှိရပြန်ပါသည်။ထိုသို့တစ်ဘက်နှင့်တစ်ဘက်အပြန်အလှန် ပြောဆိုနေပုံတွေကို ကြည့်ရသည်မှာ လူငယ်လေးများမှ စိတ်ဆိုးနေသည့်ဟန်များကိုလည်း တွေ့ရှိလာရပါတော့သည်။စားသောက်ဖွယ်ရာများမှာကြားရသည်မှာ အလွန်ကြာနေပြီဖြစ်ကြောင်းပြောကြားကြပါတော့သည်။ကျွန်တော်လည်း သူတို့ပြောကြားနေသည်များကို စိတ်ဝင်တစားမရှိသော်လည်း စကားသံတွေကဆူညံနေသောအခါ အတိုင်းသားကြားနေရကာ အဆင်မပြေမှုများဖြစ်ပေါ်နေပါတော့သည်။
သူတို့ပြောကြားနေသည်များကို ငေးမိကာ တွေးတောမိသည်က ၀န်ထမ်းအင်အားများ နည်းလို့လား ၊ ဘာကြောင့် သူတို့ပြောသလို အချိန်ကြာညောင်းနေပါသနည်း။စားဖိုမှူးတာဝန်ယူထားသူများကဘဲ ညံ့လို့လားအစရှိသဖြင့် အတွေးနယ်ချဲ့ကာနေပါတော့တယ်။နောက်ဆုံးတော့ ထပ်မစဉ်းစားချင်တော့တာနဲ့ အတွေးဖြတ်ကာ ကိုယ့်ဝိုင်းကိုပြန်အာရုံစိုက်လိုက်ပါတော့သည်။ဝိုင်းကိုပြန်လည်အာရုံစိုက်မိမှ ကျွန်တော်တို့မှာထားသည်များလည်း ရောက်ရှိလာခြင်းမရှိသေးတာကို သတိပြုမိပါတော့သည်။ကျွန်တော်သိလိုက်ပါပြီ ဒီိဆိုင်သည်အသစ်ဖွင့်စဖို့ထင်ပါသည် လိုအပ်ချက်များစွာရှိနေပါတော့သည်။ကျွန်တော်တို့မှာကြားထားသည်များမှ ဘာမှခက်ခဲလွန်းသောအရာမှ မဟုတ်ခဲ့ပါ။ခွက်ကလေးထဲကို ရေနွေးအနည်းငယ်ထည့်ကာ ကော်ဖီထုပ်ကလေးများအား လာချပေးရုံပါ။ဤသည်ကိုပင် ၀န်ထမ်းများမှ လာရောက်ဝန်ဆောင်မှုပေးနိုင်ခြင်းမရှိခဲ့ပေ။
ထိုသို့အချိန်တွေမလိုအပ်ဘဲ ကြာနေသည်မှာ ထိုဆိုင်၏ စီမံခန့်ခွဲမှုညံ့ဖျင်းမှုဖြစ်နိုင်သည်ဟု ဖြေသိမ့်ကာ ထပ်မံစောင့်ဆိုင်းနေခဲ့ပါသေးသည်။ကျွန်တော်လည်း စောင့်ဆိုင်းရင်းတစ်ခြားဝိုင်းတွင် ထိုင်စောင့်နေကြသူများကို တစ်ချက်ပြန်ကြည့်မိပါတော့သည်။ထိုအချိန်တွင် ၀န်ထမ်းကောင်ကလေးတစ်ယောက်ယူဆောင်လာသော စားသောက်ဖွယ်ရာပန်းကန်ထဲမှဇွန်း လက်မှလွှတ်ကြကာ ကြမ်းပေါ်သို့ရောက်ရှိသွားပါတော့သည်။ဤသို့ဤပုံဖြစ်ပျက်နေသော ဆိုင်မှာဘယ်လိုမျိုးဝန်ဆောင်မှုတွေနဲ့ ဆက်လက်ချီတက်မည်ကို ကျွန်တော်လည်းစိတ်ဝင်စားနေခဲ့ပါတော့သည်။ဝန်ထမ်းမှလည်း ကျသွားသောဇွန်းကို လှဲကာပြန်လည်စားသောက်ဖွယ်ရာများကို ချပေးနေသည်ကိုတွေ့ရပါတယ်။
Credit Image Sources- The Myanmar Times
ထိုသို့အဖြစ်အပျက်များကို မြင်နေရသည်မှာ ကျွန်တော်ကတော့ သိပ်သဘောမတွေ့တော့ပါ။ဝေဖန်ချင်စိတ်များကလည်း တဖြည်းဖြည်းပိုကြီးထွားလာနေပါတော့သည်။သို့ပေမယ့်လည်း အခုအချိန်တော့မဖြစ်နိုင်သေးပါဘူးဟုဆိုကာ ဘာမှမပြောဘဲနေလိုက်ရပါတော့တယ်။ဒီလိုတွေးနေစဉ်မှာဘဲ ကျွန်တော်တို့မှာထားသော ကော်ဖီများကို ၀န်ထမ်းတစ်ယောက်လာချပေးပါတော့သည်။ကော်ဖီတစ်ခွက်သောက်ဖို့ရန် အချိန်အတော်လေးစောင့်ဆိုင်းနေခဲ့ရသည်ကတော့ လုံးဝအဆင်မပြေလှပါ။ကော်ဖီလာချပြီးကတည်းက ၀န်ထမ်းတွေကလည်း လာကိုမကြည့်တော့တာပါ။ကျွန်တော်တို့ကော်ဖီသောက်ပြီး ရေနွေးလေးတစ်ခွက်သောက်နိုင်ဖို့ရန်အတွက် ရေနွေးဘူးလည်းမရှိပြန်ဘူး။တော်တော်ကို ၀န်ဆောင်မှုညံ့တဲ့နေရာတစ်ခုလို့တော့ ကျွန်တော်တို့သတ်မှတ်လိုက်ကြရပါတယ်။
ကျွန်တော်တို့ဖောက်သည်များရဲ့လိုအပ်ချက်တွေကို ၀န်ဆောင်မှုကောင်းစွာမပေးနိုင်ခဲ့ရင် ဒီဆိုင်၏အနာဂါတ်က မလှပနိုင်တော့ပါ။ကျွန်တော်တို့ထိုင်နေစဉ်အချိန်တွင်းမှာပင် ရှိနေကြသော ဖောက်သည်များအားလုံး လိုအပ်ချက်ကိုယ်စီကို ရင်ဝယ်ပိုက်ကာ အားနာပါးနာဖြင့်ထိုင်ခဲ့ကြရပါသည်။
ကျွန်တော်တို့နိုင်ငံတွင် ယခုအခါဝန်ဆောင်မှုကောင်းသောလုပ်ငန်းကြီး ၊ လတ် ၊ သေးများသည် နေရာတိုင်းတွင် အရှိန်အဟုန်ပြင်းစွာဖော်ဆောင်နေကြပြီဖြစ်ရာ သူတို့ဆိုင်ကိုလည်း ၀န်ဆောင်မှုကောင်းသော ဆိုင်အဖြစ်ရပ်တည်စေချင်စိတ်များကိန်းအောင်းနေခဲ့ပါသည်။ထိုသို့ဖြစ်စေချင်သည်များမှာလည်း ကျွန်တော်သည် အတ္တကြီးသောကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်ထင်ခဲ့ပါသည်။အဘယ်ကြောင့်ဆိုသော် ဆိုင်ရှင်များသည် ကျွန်တော်တို့၏ ငယ်ပေါင်းသူငယ်ချင်းများက ဖွင့်လှစ်ထားကြသော ဆိုင်ဖြစ်နေ၍လည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။မည်သို့ပင်ဆိုစေကာမူ သူငယ်ချင်းများ၏ ဆိုင်လေး ဒီထက်မက၀န်ဆောင်မှုများကောင်းမွန်လာကာ အောင်မြင်သော ဆိုင်ကလေးတစ်ခုအဖြစ်ရပ်တည်စေချင်သောကြောင့် ကျွန်တော်ကတော့ မဖြစ်မနေ ဝေဖန်ရပေတော့မည်။ထိုမှလည်း သူတို့၏လိုအပ်ချက်များကို အချိန်မှီပြန်လည်ပြင်ဆင်ကာ ၀န်ဆောင်မှုကောင်းများပေးနိုင်လိမ့်မည်ဖြစ်ပါသည်။
Credit Images Sources - faisalmamsa.com
ကျွန်တော့စိတ်ထဲမှာတော့ သူတို့ဆိုင်မှတော့ဖြင့်မဟုတ်ပါ ဘယ်လိုဝန်ဆောင်မှုပေးသောလုပ်ငန်းများကိုမဆို ဖောက်သည်များစိတ်ကျေနပ်မှုကို ရစေချင်ပါသည်။ထိုမှသာလျှင် ၀ယ်ယူစားသုံးသူ ဖောက်သည်များမှ စိတ်ပျော်ရွှင်ကာ နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းမည်ဟုထင်မြင်ယူဆမိပါသည်။ထို့ကြောင့် Steemit မှ ညီအစ်ကိုမောင်နှမများမှလည်း ဖောက်သည်များကို ၀န်ဆောင်မှုပေးသောလုပ်ငန်းများလုပ်ကိုင်နေပါက ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများကိုပေးကာ အောင်မြင်လုပ်ငန်းရှင်ကြီးများဖြစ်နိုင်ကြပါစေဟု ဆုတောင်းရင်း နိဂုံးချုပ်ပါရစေ။
ကျွန်တော်ရေးသားထားသည်များ လိုအပ်ချက်တွေရှိနေခဲ့ပါလျှင် ပွင့်လင်းစွာ ဝေဖန်ထောက်ပြပေးကြပါရန်တောင်းဆိုပါရစေ။
စာဖတ်သူမိတ်ဆွေများအားလုံး နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဟု နှုတ်ဆက်ဂါရ၀ပြုပါရစေ။
အားလုံးကိုကျေးဇူးတင်လျှက်-
Writter @theinzawlin
MSC - 128