ကျွန်တော်၏ မျှော်လင့်ချက်ကလေးများ

Words
309
Reading
2 min
Listen
Play
8y

မင်္ဂလာပါ Steemit မှ မိတ်ဆွေများနှင့် ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
IMG_20180418_170003.JPG
Image Credit-Original Source
ကျွန်တော့ရဲ့အကျင့်ဆိုးအတိုင်း မနက်အိပ်ယာကနိုးသည်နှင့် ချက်ချင်းမထသေးဘဲ ဟိုဘက်ကိုလှိမ့်လိုက် ၊ ဒီဘက်ကို
လှိမ့်လိုက်ဖြင့် စဉ်းစားကာနေချေပြီ။အော် - လူ့ဘ၀ဆိုတာ တကယ်မလွယ်ပါလား။ထို့ကြောင့်လည်း ကျွန်တော်တို့ ဗုဒ္ဓဘုရားက ဟောပြောမိန့်ကြားခဲ့တာဘဲ ၊ လူ့ခန္ဓာကို ပိုင်ဆိုင်ထားသမျှ ဒုက္ခဆိုတာရှိနေဦးမှာဘဲလို့။ကျွန်တော်လည်း အိပ်ယာကမထချင်ထချင် နိုးထလာခဲ့ရသည်။ခန္ဓာက သိပ်မလန်းဆန်းသေးသော်လည်း စိတ်ကတော့မျှော်လင့်ချက်များစွာဖြင့် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားရဦးမည်ဆိုတာကို နှိုးဆော်တိုက်တွန်းလျှက်ရှိနေပေပြီ။အိပ်ယာက မထချင်သော်လည်း ထရမည်။ဇိမ်ခံနေလို့တော့ဖြင့် ဘာမှဖြစ်လာမည်မဟုတ်။ကျွန်တော်လည်း မျက်နှာသစ် ၊ သွားတိုက်ရန် အိမ်နောက်ဖက်သို့ဝင်လိုက်ပါတော့သည်။
ကျွန်တော့ရဲ့ ခြေထောက်က ဘယ်ညာတစ်ချက်စီလှမ်းလိုက်တိုင်း ခြေလှမ်းအောက်က ၀ါးကြမ်းခင်းလေးရဲ့ တကျိ တကျိမြည်သံက ကျွန်တော့အတွက်တော့ မနက်ခင်းတေးဂီတတစ်ခုအလား။အိမ်နောက်ဖက်ရေအိုးစင်ဘေးက ၀ါးတိုင်လေးတွင် ချည်ထားသော ခြင်းတောင်းလေးကို ကျွန်တော်လည်း သွားတိုက်ဆေးယူမယ်ကြည့်လိုက်တော့ ပိန်လိမ်နေသော သွားတိုက်ဆေးဘူးက မျက်နှာငယ်လေးဖြင့် အသနားခံနေဟန်ပင်တူနေတော့သည်။သူ့ခမျာလည်း မနက်မိုးလင်းတိုင်းကျွန်တော့ရဲ့ လက်ကြမ်းကြီးများဖြင့် အသားကုန်ဖျစ်ညှစ်ခြင်းများကိုခံရစမြဲ။သို့ပေမယ့်လည်း ကျွန်တော်မဖြစ်မနေညှစ်ထုတ်ရတော့မည် မဟုတ်လို့ကတော့ဖြင့် ကျွန်တော့အတွက်တစ်နေ့လုံးလွယ်ကူတော့မည်မဟုတ်ပါ။
ကျွန်တော်ရှိသမျှအင်အားကိုသုံးပြီး လိမ်ကာညှစ်ထုတ်လိုက်မိသည်။သူလည်းတော်တော်ကို ခံရခက်နေချေပြီ ၊ လုံးဝကိုထုတ်ပေးနိုင်စွမ်းမရှိတော့ဘဲ ခါးအလယ်ကပင် ပြတ်သွားခဲ့လေပြီ။ကျွန်တောလည်း မီးဖိုချောင်က ဓါးပါးလေးတစ်ချောင်းကို ယူကာသူ့ကိုလှီးဖြတ်လိုက်သည်။ပြီးမှသူ့အတွင်းပိုင်းကို သွားပွတ်တံဖြင့် တစ်ချက်နှစ်ချက်လောက်မွှေလိုက်သည်။ကျွန်တော့ရဲ့မွှေချက်တွေကြောင့် သွားပွတ်တံတွင် အဖြူရောင်သွားတိုက်ဆေးအနည်းငယ်ပါလာလေသည်။ကျွန်တော်ကျေနပ်လိုက်ပါတော့သည် ဒီလောက်မျှဆိုလျှင်လည်း မဆိုးပေ။ကျွန်တော်မျက်နှာ ကပျာကယာသစ်လိုက်သည်။သွားပွတ်တံတွင်ပေကျံလျှက်ရှိသောအနည်းငယ်သော သွားတိုက်ဆေးဖြင့်ပင် အဆင်ပြေသလိုသွားတိုက်ပြီး မျက်နှာကိုလုံချည်ဖြင့်သုတ်ကာ အပြင်ဘက်သို့ထွက်လာလိုက်ပါသည်။
IMG_20180418_165126.JPG
Image Credit-Original Source
ကျွန်တော်အိပ်ယာဘက်သို့တစ်ချက်လှည့်ကြည့်လိုက်တော့ တူလေးကအိပ်မောကျဆဲပါ။သူ့ခမျာလည်း ပင်ပန်းလှပါသည်။တစ်နေကုန် အရွယ်နဲ့မလိုက်အောင် အိမ်မှုကိစ္စလေးများကို တတ်နိုင်သမျှကူညီလုပ်ဆောင်ပေးရှာသည်။သူအိပ်ယာကနိုးလာရင် အိမ်နားကအန်တီပုထံတွင် ကောက်ညှင်းပေါင်းလေးဝယ်စားနိုင်ရန် ငွေအကြွေလေး ၁၀၀ ကို စားပွဲလေးပေါ်တွင်တင်ကာ နို့ဆီဗူးခွံဖြင့်ဖိထားပေးခဲ့လိုက်သည်။သူလည်း သူများသမီးတွေလို ကိုယ်စားချင်တာကို ၀ယ်စားခွင့်မရရှာ။ဗိုက်ပြည့်ရုံသာ ကောက်ညှင်ပေါင်းကလေးဖြင့် ကျေနပ်နေရသူဆိုတော့ ကျွန်တော်စိတ်မကောင်းဖြစ်ရသည်။သူ့ကို သူများသမီးတွေလိုတန်းတူထားချင်လှသော ကျွန်တော့အတွက်တော့ လောလောဆယ်စိတ်ကူးယဉ်ရုံတစ်ခုအဖြစ်သာ ရှိနေဆဲပါ။
IMG_20180418_165148.JPG
Image Credit-Original Source
ကျွန်တော်လည်း အတွေးစတို့ကိုဖြတ်ကာ ဈေးတောင်းကလေးနှစ်လုံးကို ရှေ့နောက်ထားကာ ထမ်းပိုးဖြင့်ထမ်းပြီး မြို့မဈေးဘက်သို့ ခပ်သွက်သွက်ထွက်လာလိုက်တော့သည်။အခုအချိန်က နောက်ကျလို့သိပ်အဆင်မပြေလှ။မဟာသင်္ကြန်ကာလကလည်း မနက်ဖြန်ဆိုကျရောက်တော့မည်။ဈေးဘက်သို့မြန်မြန်သွားကာ လိုအပ်သည်များကို ၀ယ်ယူစုဆောင်းရမည်။ကျွန်တော်က ခါတိုင်းလိုဟင်းသီး ဟင်းရွက်များကိုဝယ်ယူပြီး လှည့်ပတ်ရောင်းချမည့်အစား ၊ ကျွန်တော်တို့ရွာအနီးက ဘုရားတွင် မြေပဲပြုတ်နှင့် မရမ်းသီးများကိုဈေးမှ ၀ယ်ယူကာ ပြန်လည်ရောင်းချမည်ဟု စိတ်ကူးထားသည်။ကျွန်တော်တို့ရွာအနီးက ဘုရားမှာ သင်္ကြန်ကာလအတွင်းတော်တော်ကိုစည်ကားလှပေသည်။ဘုရားက သမိုင်းဝင်ဘုရားဆိုတော့ ရွာနီးနားရှိ ကျေးရွာများမှသာမက မြို့ပေါ်ကလူတွေပါ လူရောက်ဖူးမြော်ကြလေ့ရှိသည်။
သင်္ကြန်လည်ပတ်ကြသူများကလည်း ညနေဘက်ဆို မုန့်စားဖို့ရန် ထိုဘုရားအနီးသို့လာရောက်ကြမည်။ထိုသို့အလွန်စည်ကားလှသော ဘုရားတွင် သွားရောက်ရောင်းချပါက ကျွန်တော့အတွက် ငွေစလေးများပိုမိုရရှိနိုင်မည်။ငွေစလေးများကရရှိပါကလည်း တူလေးကိုနှစ်ဆန်းတစ်ရက်နေ့တွင် ဘုရားဖူးသွားသည့်အခါ မုန့်ဖိုးများများပေးနိုင်မည်။အင်္ကျီအသစ်ကလေးလည်း ၀ယ်ပေးနိုင်မည်။ထိုဘုရားပွဲကို နှစ်ဆန်းတစ်ရက်နေ့တွင် စည်ကားစွာကျင်းပမည်ဖြစ်သော်လည်း သင်္ကြန်ရက်ကတည်းက စည်ကားလျှက်ရှိနေမြဲပါ။ထို့ကြောင့် ကျွန်တော်လည်းဈေးက မြေပဲများနှင့် မရမ်းသီးများဝယ်ယူရန် ဈေးကိုအစောကြီးထွက်လာခဲ့ခြင်းဖြစ်ပါသည်။
IMG_20180418_165318.JPG
Image Credit-Original Source
ကျွန်တော်မြို့မဈေးသို့ ရောက်ချိန်တွင် ဈေးအနီးတစ်ဝိုက်တွင် ဈေးလာရောင်းကြသော ဈေးသည်ကားများ ၊ ထော်လာဂျီများဖြင့် စည်ကားနေပါတော့သည်။လမ်းပေါ်တွင်လည်း ဈေးသည်များ ဈေးတောင်းများကို ဟိုဘက်ကိုပြောင်းကြ ၊ ဒီဘက်ကိုပြောင်းကြဖြင့် အလုပ်ရှုပ်လျှက်ရှိနေပါတော့သည်။ကျွန်တော်လည်း လိုအပ်သည်များဝယ်ယူရန် လိုက်ရှာနေတော့သည်။ထိုအချိန်တွင် သုံးဘီးဆိုင်ကယ်သမားတို့၏ အသံများမှာလည်း ဆူညံလျှက်ရှိနေကြပါတော့သည်။ကျွန်တော်လိုက်ရှာနေသော အရာများကိုတွေ့ပါလေပြီ။ကျွန်တော်လည်း ၀ယ်ယူလိုသောပစ္စည်းများလတ်ဆပ်မှုရှိရဲ့လား ၊ သန့်ရဲ့လား ၊ ဈေးနှုန်းကောသင့်ရဲ့လား အစရှိသဖြင့် စဉ်းစားကာလိုက်ကြည့်နေမိသည်။ဟိုဘက်က မြေပဲရောင်းသော အစ်မကတော့ရုပ်ရည်ကြည့်ရတာ အဆင်ပြေမယ့်ပုံမြင်တော့ ကျွန်တော်သွားမေးကြည့်သည်။အမယ်လေး ကျွန်တော်မှန်းထားသည်ထက် ဈေးကြီးနေသည်။လျော့ပေးဖို့ စကားသန်းကြည့်တော့ တော်တော်ကိုမလွယ်တာဘဲ လျော့ပေးမည့် အနေအထားမရှိ။ထို့ကြောင့်ကျွန်တော်လည်း အဆင်ပြေလိမ့်မည် မဟုတ်သဖြင့် နောက်တစ်ယောက်ထံသို့ သွားရောက်ကာမေးမြန်းရပါတော့သည်။ပိုတောင်ဆိုးသေး သူလည်းအာဂ ၊ သူ့မြေပဲက ဘယ်လိုမြေမျိုးက ၊ ဘယ်လိုနေရာမှာ စိုက်ပျိုးထားတာ အစချီကာ ပြောနေလေတော့ အခြေအနေမဟန်ပြန်။အော် ဒီလိုရက်မျိုးမှာမို့ သူတို့ဈေးကိုင်နေပြီဆိုတာတော့ သိလိုက်ရပြီ။အစကတည်းကြိုတင် ၀ယ်ယူထားခြင်းမရှိတဲ့ ကျွန်တော့အတွက် နောင်တရနေတော့သည်။နောင်တရတယ်ဆိုတာထက် မခံမရပ်နိုင်ဖြစ်နေသည်ဆိုလျှင် ပိုမှန်ပေမည်။ပြောသာလျှင်ပြောရသည် ကျွန်တော့မှာလည်း ကြိုတင်ဝယ်ထားဖို့က အရင်းအနှီးမရှိခဲ့။အော် တော်တော်ခက်ခဲတဲ့ ကျွန်တော့်ဘ၀ခရီးကို ကျွန်တော်အံတုကာရင်ဆိုင်ဖြေရှင်းရသည်က မလွယ်ကူပါလားဟု တွေးမိကာ သက်ပြင်းတစ်ချက်ချမိပြန်သည်။မဖြစ်ခြေသေးဘူး အချိန်ရှိခိုက်လုံ့လစိုက်ရမည်။တော်ကြာနေမြင့်သွားလိမ့်မည်။နေထွက်လာပါက ဒီလိုရာသီက လူကိုရူးသွပ်လောက်အောင် အပူဒဏ်က ဒုက္ခပေးနိုင်သည်။ထို့ကြောင့်နောက်တစ်ယောက်ထံသို့ အမြန်ထွက်လာခဲ့ပြန်တော့သည်။
ဟော အဘွားတစ်ယောက် မြေပဲတောင်းတွေကြားမှာ ဆောင့်ကြောင့်ထိုင်ကာ ရောင်းနေတာတွေ့တော့ ၀င်မေးကြည့်သည်။ဒီတစ်ခါတော့ အဆင်ပြေမယ့်ပုံ အဘွားက ကျွန်တော်မှန်းထားသော ဈေးနှုန်းထက် မသိမသာလေးသာတောင်းသည်။ဒီလိုဆိုတော့မဆိုးဘူး ကျွန်တော်လည်း အဆင်ပြေလောက်သည်။ကျွန်တော်လည်းအဘွားကို ကူညီကာ ချိန်ပြီးဝယ်ယူနေတော့သည်။အဘွားကလည်းပြောပြသည် သူလည်းဒါတွေမြန်မြန်ရောင်းထွက်ချင်ကြောင်း ၊ နောက်နေ့ဥပုသ်သီလများဆောက်တည်ရန် ကျောင်းသို့သွားချင်ကြောင်းပြောပြလာတော့ ကျွန်တော်လည်းစိတ်မကောင်းဖြစ်ရပြန်သည်။ဖြစ်နိုင်ရင်တော့ အဘွားကိုကူညီချင်သဖြင့် အကုန်လုံးကို ၀ယ်ထားလိုက်ချင်သည်။သို့ပေမယ့်လည်း ကျွန်တော့တွင်ပါလာသော ပိုက်ဆံနဲ့တိုင်းတာရသေးသည်။မဖြစ်နိုင်သေး မရမ်းသီးများလည်း ၀ယ်ယူရဦးမည်ဆိုတော့ ကျွန်တော်လည်း ကိုယ်တတ်နိုင်သလောက်သာ ၀ယ်ယူကာ အဘွားအားနှုတ်ဆက်ကာ ပြန်လာရတော့သည်။နောက်တစ်နေရာတွင်တော့ မရမ်းသီးများကို အဆင်ပြေစွာဝယ်ယူလိုက်နိုင်သဖြင့် ကျွန်တော်လည်း အိမ်သို့ပြန်လည်ကာ ထွက်လာခဲ့ပါတော့သည်။
IMG_20180418_165240.JPG
Image Credit-Original Source
ကျွန်တော့ရဲ့အပြန်ခရီးတွင်တော့ ကျွန်တော်နောက်နေ့အတွက် ပြင်ဆင်စရာများကို တွေးတောရင်းဖြင့် အိမ်အပြန်ခရီးက ပိုမိုသွက်လက်နေပါတော့သည်။ကျွန်တော်ရဲ့ ရောင်းကုန်များအဆင်ပြေချောမွေ့စွာ ရောင်းချနိုင်ရေးဆုတောင်းကာ တူလေးအတွက်အပျော်များဖန်တီးပေးနိုင်တော့မည်။ထိုအတွက် ရင်ထဲလှိုက်လှိုက်လှဲလှဲ ၀မ်းသာရင်း ပီတိများဖြာနေသော ကျွန်တော့နှလုံးသားကို တူလေးတစ်ယောက် နောက်နောင်အခါသိမြင်နိုင်ရင် ကျေနပ်နေနိုင်လိမ့်မည်ဟု ခံစားရင်း နိဂုံးချုပ်လိုက်ပါရစေ။

စာဖတ်သူမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

Writter theinzawlin@theinzawlin
MSC - 128

ကျွန်တော်၏ မျှော်လင့်ချက်ကလေးများ | Ecency