ဧရာဝတီတမ်းချင်း အဆက်

Words
66
Reading
1 min
Listen
Play
8y


ဘော် ဘော် ဘော် .....
ဟော သင်္ဘောဆိုက်ပြီ။ဦးဖိုးထောင် နေ၀န်းနီမှထကာ မြစ်ဆိပ်သို့ ကမန်းကတမ်းဆင်းလာခဲ့၏။ညဦးပိုင်းကမိုးရွာထားသည်မို့ မြစ်ထဲတွင် ရေလျှံကာ ကုန်းပေါ်အတက်လမ်းတွင်လည်း ချော်နေလေသည်။
"ကုန်တွေပါလား မောင်လှ။"

"ဟာ ဦးလေးဖိုးထောင် ဒီတစ်ခါနှမ်းအိတ်တွေ ဦးလေးသယ်နိုင်ပါ့မလား။"

"သယ်နိုင်ပါတယ်မောင်လှရ ငါငယ်ငယ်ကတည်းက လုပ်လာတဲ့ အရာတွေပါ။"

နှမ်းအိတ်ကို ပခုံးပေါ်တွင်ထမ်းကာ ဦးဖိုးထောင် သင်္ဘောနှင့် ကုန်းပတ်ဆက်ထားသော သစ်သားချောင်းတစ်လျှောက်မှ ကုန်းပေါ်သို့ တက်လာခဲ့သည်။တဖြည်းဖြည်းနှင့် နေမြင့်လာပေပြီ။ နှမ်းအိတ်ဆယ်လုံးကျော် ထမ်းအပြီးတွင် ဦးဖိုးထောင် မောဟိုက်လာမိသည်။အသက်ကြီးတော့ ပင်ပန်းဒဏ်သိပ်မခံနိုင်တော့။

"ဦးလေးဒါနောက်ဆုံးအလုံးပဲ ဖြစ်သေးလား။"

"ဖြစ်ပါတယ် မောင်လှရ။"

ဦးဖိုးထောင် နှမ်းအိတ်ကို ထမ်းရင်း ပျင်ပြားတစ်လျှောက် တက်လာခဲ့သည်။ပျင်ပြားအလည်အရောက်တွင် ခေါင်းထဲမှမိုက်ခနဲဖြစ်သွားသည်။ခြေလှမ်းကိုဟန်ချက်ညီအောင်ထိန်းလိုက်သော်လည်း မရတော့။ဘေးမှမြစ်ထဲဆီသို့ ဗွမ်းခနဲ ပစ်ကျသွား၏။ရေပေါ်သို့ ခနပေါ်ခိုက်တွင် မိမိကိုအော်ကာ ရုတ်ရုတ်သဲသဲ ဖြစ်နေသော လူသံများကိုကြားရသည်။ကြိုးစားကူးခပ်သော်လည်းမရ တဖြည်းဖြည်းနှင့် မြစ်အောက်ခြေသို့ ကျသွားလေပြီ။ဦးဖိုးထောင်၏မြင်ကွင်းထဲတွင် မိန်းမနှင့် သားမျက်နှာကိုမြင်ယောင်လာသည်။ထို့ နောက်မှောင်အတိကျသွားလေတော့သည်။
Author by Thant Zin Oo

ဧရာဝတီတမ်းချင်း အဆက် | Ecency