7 Games 7 Points

Words
270
Reading
2 min
1d
Listen to this post
~2 min

တနင်္ဂနွေနေ့ ပွဲစဉ်များကတော့ စနေနေ့ ပွဲစဉ်များနဲ့ မတူဘဲ သရေပွဲ ၁ ပွဲ ပါဝင်ခဲ့ပါတယ်။ ကျန် ၃ ပွဲက အရှုံးအနိုင် အဖြေပေါ်ခဲ့ပါတယ်။ သရေပွဲက Man United ရဲ့ ပွဲပါ။ Leeds အသင်းနဲ့ ၁-၁ သရေကျခဲ့တာပါ။ ဦးဆောင်ဂိုးကို ပထမပိုင်း ၃၅ မိနစ်မှာ သွင်းယူခဲ့ပေမဲ့ ဒုတိယပိုင်း ၅၁ မိနစ်မှာ ချေပဂိုး ပြန်လည်လို့ ပေးလိုက်ရပါတယ်။ သရေတမှတ်စီနဲ့သာ United တို့ ကျေနပ် လိုက်ရပါတယ်။ ၇ ပွဲ ကစားပြီး ၇ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ United တို့ ရပ်တည်နေပါတယ်။ ၇ ပွဲ ၇ မှတ်နဲ့ United တို့ အတော်လေး ဟာသ ဖြစ်နေပါပြီ။

၇ ပွဲမှာ ၁ ပွဲနိုင် ၄ ပွဲ သရေ ၂ ပွဲရှုံး ဆိုတဲ့ ရလဒ်က လက်ခံဖို့ အတော်လေး ခက်လှပါတယ်။ နောက်ခံလူ Martinez ဝေဖန်ခဲ့သလို အသင်းမှာ လိုအပ်ချက်တွေ ရှိနေတာ အထင်အရှားပါပဲ။ ကျနော်တို့လို ပရိတ်သတ်တွေတောင် တွေ့မြင်တာကို အသင်းတာဝန်ရှိသူ ဘုတ်အဖွဲ့က မသိ၊ မမြင်၊ မတွေ့ကြဘူးဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ဒီပုံစံ ဒီအတိုင်းဆို နည်းပြ Michael Carrick ကိုပဲ သူတို့ စတေးကြဦးမယ့် ပုံပါပဲ။ တဖြည်းဖြည်းနဲ့ United ဟာ နည်းပြတွေရဲ့ အောင်မြေ မဟုတ်ဘဲ သင်္ချိုင်း ဖြစ်လာနေခဲ့ပါပြီ။

Bournemouth ကတော့ Sunderland ကို ၂-၀ နဲ့ အနိုင်ယူပြီး သူတို့ရဲ့ EPL ပထမဆုံး နိုင်ပွဲကို အရယူသွားခဲ့ပါတယ်။ ပထမပိုင်း ၆ မိနစ်မှာ ကတည်းက ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ၁၇ မိနစ်မှာ Sunderland ကစားသမား တဦး တိုက်ရိုက် အနီကဒ်နဲ့ အထုတ်ခံရပြီးနောက်မှာတော့ ပွဲအဖြေက ပေါ်လွင်သွားခဲ့ပါပြီ။ တယောက်လျော့အသင်းကို နိုင်အောင် မကစားနိုင်တာ ဆိုလို့ United အသင်း တသင်းထဲသာ ရှိမယ် ထင်ပါရဲ့။

Brighton ကတော့ EPL မှာ သွင်းဂိုး အများဆုံး အသင်းအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။ ဒီတပတ်မှာလည်း Crystal Palace ကို ၅-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ၂၃ ဂိုးထိ သွင်းယူထားနိုင်တဲ့ Brighton တိုက်စစ်က Man City, Arsenal စတဲ့ အသင်းကြီးတွေထက် သာလွန်လို့ နေပါတယ်။ တိုက်စစ်က ဂိုးတွေ သွင်းနေပေမဲ့ ခံစစ် မလုံနေတာမျိုး မရှိပါဘူး။ ပေးဂိုးကလည်း ၅ ဂိုးသာ ရှိပါတယ်။ ပေးဂိုး အနည်းဆုံး အသင်း အဖြစ် Arsenal နှင့်အတူ ရပ်တည်နေပါတယ်။ ၇ ပွဲ ကစားပြီး ၅ ပွဲနိုင် ၁ ပွဲ သရေ ၁ ပွဲ ရှုံး ၁၆ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

Nottm Forest vs Arsenal ပွဲစဉ်မှာတော့ Arsenal ကပဲ ၀-၁ နဲ့ အနိုင်ရပြီး အဆင့် ၁ က Man City ကို ဆက်လက်၍ ဖိအားပေးထားပါတယ်။ Arsenal အနေနဲ့ ၆ ပွဲနိုင် ၁ ပွဲရှုံး ၁၈ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။ ရှုံးတဲ့ ၁ ပွဲကလည်း Brighton ကို ၃-၀ နဲ့ ရှုံးခဲ့ရတဲ့ ပွဲ ဖြစ်ပါတယ်။ ဒီနှစ်လည်း City & Arsenal တို့ပဲ အပြိုင် ဆက်ဖြစ်နေဦးမယ် ထင်ပါရဲ့။ ဒါပေမဲ့ Chelsea ကိုလည်း တချက် စောင့်ကြည့်ရပါဦးမယ်။ UCL ကန်စရာမရှိတော့ အခြားအသင်းတွေ ပွဲပန်းနေချိန်မှာ သူ့အနေနဲ့ အခွင့်အရေး ရယူနိုင်ပါတယ်။

(photos from EPL page)

7 Games 7 Points | Ecency