ဤလောက ကမ္ဘာမြေသည် ကျယ်ပြောလှပါသည်။ အပြန့်ကျယ်လှသော လောကကြီးထဲတွင် လူသားတစ်ယောက်အနေဖြင့် အထီးတည်း ရပ်တည်ရှင်သန်၍ မရပါ။ အားငယ်စရာ ကောင်းလှပါသည်။ လေဒဏ်၊ မိုးဒဏ်၊ ရေကြီးခြင်းဒဏ်စသည့် အန္တရာယ်များလည်း ထွေပြားလှပါသည်။ မိုးရွာထဲတွင် တစ်ဦးတည်း လျှောက်လှမ်းနေရခြင်းထက် အဖော်တစ်ယောက်ပါလျှင် ပို၍ အားရှိပါသည်။ နေပူထဲတွင် ပင်ပန်းကြီးစွာ လျှောက်လှမ်းရသောအခါ တစ်ဦးတည်း လျှောက်လှမ်းရခြင်းထက် အဖော်တစ်ယောက်ပါလျှင် ခံသာသည်ဟု ထင်ပါသည်။ အဖော်များစွာပါလျှင် ပို၍ အားရှိပါသည်။ ပို၍ ခံနိုင်ရည် ရှိပါသည်။ နေပူပူ၊ မိုးရွာရွာ အတူယှဉ်တွဲမည့် မိတ်ဆွေအပေါင်းအသင်းများ ရှိလျှင် အပြန့်ကျယ်လှသော ကမ္ဘာကြီးတွင် အားငယ်စရာ မရှိတော့ပါ။ စစ်ပွဲတစ်ရာ နွှဲရပါစေ၊ သေအတူ ရှင်မကွဲ၊ ရဲဘော်ရဲဘက်များ ပါနေလျှင် အသက်ကိုပင် ရဲရဲဝံ့ဝံ့ စွန်းရဲကြပါသည်။ အနည်ဆုံး ဘဝ၏ လက်တွဲဖော် ရှိရပါမည်။ အများဆုံး မိတ်ဆွေများ ရှိရပါမည်။ မိတ်ဆွေမျာဖြင့် ပေါင်းဖွဲထာသော သူ၏ လောကသည် ထာဝရ အသက်ဝင် လှုပ်ရှားနေပါလိမ့်မည်။ မကြာခဏ ရယ်မောပျော်ရွှင် ရပါလိမ့်မည်။ အခက်အခဲများကို စုပေါင်းဖြေရှင်းပေးခြင်းဖြင့် ဘဝ၏ စွမ်းရည်များ ထက်မြက်နေရပါလိမ့်မည်။
မြန်မာတို့သည် ပင်ကိုစိတ်အားဖြင့် သဒ္ဓါတရား ထက်သန်သည်။ လှူဒါန်းပေးကမ်းချင်သည်။ မကြာခန အလှူပေးခြင်းဖြင့် အလှူပွဲလာသူ၊ ဝိုင်းဝန်းကူညီသူ မိတ်ဆွေများ ပေါများလာမြဲ ဖြစ်ပါသည်။ အသွားအလာ၊ အထိအတွေ့ များလာသည်နှင့်အမျှ ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာကြပါသည်။ မြန်မာတို့သည် ကျွေးချင်မွေးချင်စိတ်ရှိသည်။ စုပေါင်းဆောင်ရွက်လိုစိတ်ရှိသည်။ အိမ်နီးနားချင်း အချင်းချင်းလည်း ဟင်းကောင်းရှိလျှင် ဟင်းခွက်ပို့လေရှိကြသည်။ ထိုနည်းဖြင့် မိတ်ဆွေများ ပေါများလာသည်။ ဆွေးမျိုးရင်းချာပမာ ရင်းနှီးလာသည်။ တစ်ယောက်၏ အရေးကိစ္စရှိလျှင် တစိယောက်က ကူညီကြသည်။ သူ့အိမ် ကိုယ်အိမ် ဝင်ထွက်သွားလာကာ သံယောဇဉ် ပိုလာကြသည်နှင့်အမျှ ကူညီရိုင်းပင်းလိုစိတ်၊ သူအကျိုး၊ ကိုယ့်အကျိုး အပြန်အလှန် လိုလားစိတ်များ ပွားများလာပါသည်။
ကွင်းပြင်ကြီးအလယ်၌ အသီးသီးရှိနေသော သစ်ပစ်ကြီးတစ်ပင်ထက် တစ်ပင်နှင့်တစ်ပင် ပင်ခြေချင်း ဆက်သွယ် ယှက်နွယ်လျက် အကိုင်းအခင်ချင်း ထိစပ်နေသော သစ်ပင်က အရိပ်အာဝါသကို ပိုမိုပေးနိုင်စွမ်းရှိပါသည်။ မိတ်ဆွေ အပေါင်းအသင်းများနှင့် ရင်းရင်းနှီးနှီး ပေါင်းသင်ဆက်ဆံခြင်းဖြင့် မိတ်ဆွေ၏ အရိပ်ကို ခံစားနိုင်ပါသည်။ မိတ်ဆွေကောင်းသည် စိတ်ဒုက္ခရောက်လျှင် နှစ်သိမ့်အားပေးတတ်ပါသည်။ ဘဝဒုက္ခရောက်လျှင် ဖေးမလက်တွဲတတ်ပါသည်။ မိတ်ဆွေများဖြင့် ဆက်ဆံခြင်းဖြင့် သူ့အကြောင်း၊ ကိုယ့်အကြောင်း၊ သိလာပါသည်။ သူ့ဘဝ၊ ကိုယ့်ဘဝကို သိလာပါသည်။ မိတ်ဆွေမဲ့သူသည် မိမိနှင့်မိမိသားမယားမှတစ်ပါး အခြားသူတိုဘဝကို မသိနိုင်၊ မကြားနိုင်ပါ။ မိမိဆိုသည့် အတ္တနယ်ထဲတွင်သာ ကျင်လည်ကျက်စားရင်း မိမိကိုယ်ကို မိမိအထင်ကြီး ဘဝင်မြင့်နေတတ်သည်။ မိမိကိုယ်ကိုသာ သနားနေတတ်သည်။ အများနှင့်ဆက်ဆံခြင်းဖြင့် သူ့အကြောင်း၊ ကိုယ့်အကြောင်း၊ သူ့ဘဝကိုယ့်ဘဝ သိရှိနားလည်ကာ အပြန်အလှန်မျှဝေ ခံစားတတ်လာပါသည်။ ကိုယ်ချင်းစာစိတ် ပွားတတ်လာပါသည်။ ကိုယ်ချင်းစာစိတ် ပွားတတ်လာတာနှင့် အတ္တစိတ်၊ မာနစိတ်၊ သောကစိတ်တို့ လျော့ပါး၍ ပျော်ရွှင်ပေါ့ပါး လာနိုင်ပါသည်။
Photo credit; facebook images