ရှေးဟောင်းအမွေ မြန်မာ့ယွန်းထည် (၁)

Words
259
Reading
2 min
Listen
Play
9y

ငယ်ငယ်က အိမ်မှဆွမ်းအုပ်နှင့် ဘုန်းကြီးကျောင်းကို ဆွမ်းပို့ခဲ့ဖူးသည်။ အဘိုးအဘွားများကို ကွမ်းအစ်ထဲမှ ကွမ်းယာများ ယာပေးခဲ့ဖူးသည်။ သို့သော် ထိုအရာများကို ယွန်းထည်ပစ္စည်းဟု မသိခဲ့ပေ။ တဖြည်းဖြည်း အရွယ်ရောက် စာတွေဖတ်ဖြစ်မှ ယွန်းထည်းပစ္စည်းသည် ရှေးဟောင်းအမွေအနှစ်များဖြစ်ကြောင်း သိလာရသော်လည်း စိတ်ဝင်စားမှုမရှိခဲ့။
035f0b772a03f455045ea960b0176ce7_XL.jpg
ပြီးခဲ့သည့်ရက်များကမှ အသိမိတ်ဆွေတစ်ဦးက ယွန်းထည်များအကြောင်း စိတ်ဝင်စား၍ ပစ္စည်အပ်ချင်သည်၊ လေ့လာစုံစမ်းပေးပါဟု တောင်းဆိုလာသောကြောင့် လေ့လာမိကာမှ ယွန်းထည်ပညာသည် ခက်ခဲနက်နဲ့ကာ အလွန်ရှေးကျသော မြန်မာ့ရိုးရာအမွေအနှစ်စစ်ဖြစ်ကြောင်း သိလာခဲ့ရပါသည်။ ရှေးဟောင်အမွေအနှစ်များ မပျောက်ပျက် မတိမ်ကောရအောင် မြန်မာတမျိုးသားလုံး အမျိုးသားစိတ်ဓာတ်ဖြင့် လက်ဆင့်ကမ်း ထိမ်းသိမ်းသင့်ကြောင့် လေ့လာမိသမျှ ရေးသားတင်ပြလိုက်ပါသည်။
13718714_10207296910805617_4144652327049053972_n.jpg
မြန်မာ့လက်မှုအနုပညာလုပ်ငန်း ပန်းဆယ်မျိုးနှင့် ပတ်သက်၍ "ဘုရားမတင် နတ်မဝင် လူတွင် ပန်းဆယ်မျိုး" ဟူ၍ တင်စား ခေါ်ဝေါ်ကြသည်။ ပန်းဆယ်မျိုးတွင် ပါဝင်သည့် မြန်မာ့ယွန်းထည် ပစ္စည်းများသည် အလွန်လက်ရာ ကောင်းမွန်လှပါသည်။ အိမ်၏ ဧည့်ခန်းမှာ ဖြစ်ဖြစ်၊ ထမင်းစားပွဲမှာပဲ ဖြစ်ဖြစ် ကြိုက်သည့်နေရာမှာ သုံးလို့ အဆင်ပြေသလို လှပ ခံ့ညား ထည်ဝါကာ ကြာရှည်လည်းခံ၏။ လက်ဝတ်ရတနာများလည်း ထည့်လို့ပါသည်။ မိမိတို့နိုင်ငံ၏ ရှေးအမွေအနှစ် တစ်ခုကို ထိန်းသိမ်းရာလည်း ရောက်ပါသည်။ အဆင့်အတန်း မြင့်ပြီး တုပရန် ခဲယဉ်း၏။ ရိုးရာ အမွေအနှစ် ဖြစ်သောကြောင့် ကျော်ကြားပါသည်။
ယွန်းထည်များသည် ကျောက်ခေတ် ကြေးခေတ်ကပင် တည်ရှိခဲ့သည်ဟု အထောက်အထားများ အရ သိရ၏။ အစပိုင်း ယွန်းထည်၏ သဘောမှာ ဝါးထည်ကို ရေလုံစေရန် ခိုင်ခံ့စေရန် အစေး တစ်မျိုးမျိုးကို သုတ်လိမ်းခြင်း အဆင့်သာ ရှိခဲ့၏။
11695876_468238520006053_7950064220958390305_n.jpg
မြန်မာနိုင်ငံတွင် ၁၁ ရာစု ပျူခေတ်နှင့် ပုဂံခေတ်ဦးတွင် ဝါးထည်ကို အတွင်း၊ အပြင်၌ သစ်စေးကို သုတ်လိမ်းထားသော ယွန်းထည်များ ပေါ်ပေါက်လာခဲ့သည်။ သစ်စေးကြောင့် ယွန်းထည်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ရေလုံသည်။ ပို၍ ခိုင်ခံ့သည်။ ပုဂံခေတ်နှင့် အင်းဝခေတ်တွင် ဝါးထည်ကို ရက်လုံးပျောက်၍ ညီညာချောမွေ့ သွားစေရန် သရိုးကိုင်၍ ချောခြင်း အဆင့်အထိ တိုးတက်လာခဲ့သည်။ အင်းဝခေတ်၊ ညောင်ရမ်းခေတ်နှင့် ကုန်းဘောင်ခေတ်များတွင် သစ်စေး အနက်ထည်ကို အလှအပ တန်ဆာဆင်ခြင်း အဆင့်သို့ ရောက်ရှိလာခဲ့သည်။
11667528_470274516469120_3932099469617230487_n (1).jpg
နိုင်ငံခြားသား ခရီးသွား လုပ်ငန်းအတွက် အင်္ဂလိပ်ခေတ်မှာ အအောင်မြင်ဆုံး ဖြစ်ခဲ့ပြီး ဂျပန်ခေတ်မှာ ယွန်းပညာရှင် အမြောက်အများ ထပ်မံပေါ်ထွက်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ် ကတည်းက ယွန်းထည်လုပ်ငန်းများ တိုးတက်လာခဲ့ပြီး နိုင်ငံခြားသား၏ စိတ်ဝင်တစား ၀ယ်ယူအားပေးမှုကို ခံခဲ့ရသည်ဟု သိရပါသည်။
အာရှတိုက်တွင် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံများတွင် ယွန်းထည်လုပ်ငန်းများ ရှိပါသည်။ ယွန်းထည် ထုတ်လုပ်ရာမှာ အရေးပါဆုံး ကုန်ကြမ်းဖြစ်သော သစ်စေး (Maelyn Moyaer) သည် မြန်မာနိုင်ငံမှာ အပေါများဆုံး ဖြစ်သော်လည်း ၁၉၉၅ ခုနှစ် ကတည်းက ရှားပါးလာခဲ့ပြီး ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ သိသိသာသာ ဈေးမြင့်တက်လာ ခဲ့တယ်လို့ သိရပါသည်။ မြန်မာနိုင်ငံမှ သစ်စေးသည် အနက်ရောင်ရှိပြီး ဂျပန် သစ်စေးသည် ဆင်စွယ်ရောင် ရှိပါသည်။
lacquer-ware-in-bagan.jpg
ယွန်းထည် လုပ်ငန်းတွင် အဆင့် လေးဆင့် ရှိ၏။ ဝါး၊ ကြိမ်တို့ဖြင့် အများဆုံးပြုလုပ်သည့် အဖြူထည်အဆင့်၊ သစ်စေးသုတ်ပြီးဖြစ်သည့် အနက်ထည်အဆင့်၊ အချောကိုင်ခြင်းအဆင့်နှင့် သစ်စေးအနက်ထည်ကို အလှအပ တန်ဆာဆင်ခြင်းအဆင့်ဟု တွေ့ရပါသည်။ ယခုအခါ အဖြူထည်ကို ဝါး၊ ကြိမ်များ သာမက သုံးထပ်သား၊ ကြေး၊ သတ္တု၊ စတီးလ်နှင့် ပလတ်စတစ် တို့ဖြင့်လည်း ပြုလုပ်လာကြသည်။ သစ်စေးသုတ်၍ အခြောက်ခံသည့် အဆင့်တွင်လည်း ဒေသ တစ်ခုနှင့်တစ်ခု လုပ်ပုံခြင်း မတူကြ။ ထိုအဆင့်တွင် အချိန်အများကြီး ယူကြရသည်။ အလှအပဆင်ရာ၌ ရိုးရာပန်းများဖြင့် တန်ဆာဆင်သကဲ့သို့ ရွှေစကားဝါယွန်း၊ မံယွန်း၊ ကညစ်ယွန်း၊ ဂျပန်ယွန်း စသည်ဖြင့် ဒီဇိုင်းများ တိုးတက်လာကြသည်။
10.jpg

ဆက်ရန် -
steemitarrman@steemitarrman
photo - google images

ရှေးဟောင်းအမွေ မြန်မာ့ယွန်းထည် (၁) | Ecency